ရော်နယ်ဒင်ဟို ထိန်းသိမ်းခံထားရတဲ့ အကျဉ်းထောင်မှာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

11-3-2020-yyl-0088.jpg

၂၀၀၅ ခုနှစ်က Ballon d’Or ဆု ဆွတ်ခူးခဲ့တဲ့ ဘရာဇီးဘောလုံးသမား ရော်နယ်ဒင်ဟိုကို ထိန်းသိမ်းထားတဲ့ ပါရာဂွေးအကျဉ်းထောင်မှာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနေပါတယ်။ ရော်နယ်ဒင်ဟိုဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ့ရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ သူ့အစ်ကို မိုရီရာနဲ့အတူ ပါရာဂွေးနိုင်ငံကို နိုင်ငံကူးလက်မှတ်အတုနဲ့ ဝင်ရောက်ခဲ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ ညီအစ်ကို နှစ်ယောက်ဟာ Il Palazzo ကာစီနိုဝိုင်း ပိုင်ရှင် ဘယ်လော့တီရဲ့ ဖိတ်ခေါ်ချက်အရ ပါရာဂွေးနိုင်ငံ၊ လမ်ဘာရီမြို့က Paraguayan Club Hotel Resort မှာ နေထိုင်ခဲ့ကြတယ်လို့ မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီနိုင်ငံကူးလက်မှတ်တွေမှာ အမည်၊ မွေးရပ်၊ မွေးနေ့တွေ မှန်မှန်ကန်ကန် ဖော်ပြထားပေမယ့် သူတို့ညီအစ်ကိုနှစ်ယောက်ကို ပါရာဂွေးနိုင်ငံသားလို့ ဖော်ပြထားပါတယ်။

အစပိုင်းမှာ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် ဆူဆာလီရာထံကနေ နိုင်ငံကူးလက်မှတ်တွေ ရခဲ့တယ်လို့ ထုတ်ပြောခဲ့တဲ့အတွက် အသေးစားပြစ်ဒဏ်ပဲ ချမှတ်ခံရမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ပါရာဂွေးနိုင်ငံ တရားရုံးက သူတို့ညီအစ်ကို နှစ်ယောက်ကို အာမခံပေးဖို့ ငြင်းဆန်ခဲ့သလို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးဖို့ အယူခံဝင်တာကိုလည်း ပယ်ချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရော်နယ်ဒင်ဟိုတို့ ညီအစ်ကိုနှစ်ယောက်ကို Agrupación Especializada အကျဉ်းထောင်မှာ ထိန်းသိမ်းခဲ့ပါတယ်။ ရော်နယ်ဒင်ဟို ရောက်လာပြီး ရက်ပိုင်းအကြာမှာပဲ ထောင်တွင်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ထောင်တွင်းဖူဆယ်ပြိုင်ပွဲကို ၆ လ တစ်ကြိမ် ကျင်းပလေ့ရှိပေမဲ့ ဒီတစ်ခေါက်မှာတော့ ရော်နယ်ဒင်ဟို ရောက်လာလို့ သတ်မှတ်ထားတဲ့ကာလထက် စောပြီး ပြိုင်ပွဲကျင်းပခဲ့တာပါ။ ပုံမှန်အားဖြင့် ဒီပြိုင်ပွဲမှာ ထောင်သား ၁၉၄ ယောက် ပါဝင်ပြီး အသင်း ၁၀ သင်းခွဲပြီး ကစားလေ့ရှိပါတယ်။ ပါရာဂွေးနိုင်ငံမှာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အချိန် ၆ လအထိ ကြာမြင့်တတ်ပေမဲ့ ရော်နယ်ဒင်ဟိုတို့ ညီအစ်ကိုရဲ့အမှုကို စစ်ဆေးရာမှာတော့ ဒီထက်ပိုမြန်ဆန်ဖို့ ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top