အမေရိကန်အိုးပင်းပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ လက်ရှိချန်ပီယံ နာအိုမီအိုဆာကာ

img13-2.jpg

အမေရိကန်အိုးပင်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ နာအိုမီအိုဆာကာဟာ ၁၆ ဦးအဆင့်မှာ ဆွစ်ဇာလန်တင်းနစ်မယ် ဘီလင်ဒါဘန်ဆစ်ကို ၇-၅၊ ၆-၄ နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ အသက် ၂၁ နှစ်ရှိတဲ့ ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာဟာ ပွဲစကတည်းက လက်စွမ်းမပြနိုင်ခဲ့သလို နောက်ပိုင်းမှာလည်း ဒူးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘီလင်ဒါဘန်ဆစ်ဟာ
ဒီနှစ်အတွင်း ကျင်းပခဲ့တဲ့ အင်ဒီယန်းဝဲလ်နဲ့ မက်ဒရစ်အိုးပင်းပြိုင်ပွဲတွေမှာလည်း နာအိုမီအိုဆာကာကို အနိုင်ရခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်အိုးပင်း ဗိုလ်လုပွဲမှာ ဆရီနာဝီလျံကို အနိုင်ယူဗိုလ်စွဲခဲ့တဲ့ နာအိုမီအိုဆာကာဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက
သြစတြေးလျအိုးပင်းမှာ ထပ်မံဗိုလ်စွဲခဲ့ပါတယ်။ ဂရင်းဆလင်းဖလား ၂ လုံးဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာတော့ ကမ္ဘာ့အဆင့်(၁)တင်းနစ်မယ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့လို့ ကမ္ဘာ့အဆင့်(၁)နေရာကနေ ဖယ်ပေးရမှာဖြစ်ပြီး သြစတြေးလျတင်းနစ်မယ် အက်ရှ်လစ်ဘာတီက အဆင့်(၁)နေရာကို လွှဲပြောင်းရယူဖို့ ရှိနေပါတယ်။

အသက် ၂၂ နှစ်အရွယ် ဆွစ်ဇာလန်တင်းနစ်မယ် ဘီလင်ဒါဘန်ဆစ်ဟာ အမေရိကန်အိုးပင်းပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ခရိုအေးရှားတင်းနစ်မယ် ဗီကစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top