အသက်(၇၅)နှစ်အရွယ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား

11-3-2020-yyl-007.jpg

ဘောလုံးသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ဖို့ ကြိုးစားနေတဲ့ အသက်(၇၅)နှစ်အရွယ် အီဂျစ်နိုင်ငံသားဟာ အသင်းအတွက် ပထမဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဘဟာဒါဟာ ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ဖို့ ပွဲစဉ်(၂)ပွဲကို ပွဲချိန်ပြည့် ကစားဖို့ လိုအပ်ပါတယ်။ ဘဟာဒါဟာ ဒဏ်ရာရထားပေမဲ့ ပြီးခဲ့တဲ့ စနေနေ့က အီဂျစ်တတိယတန်း ဘောလုံးပြိုင်ပွဲမှာ October 6 အသင်းအတွက် ပွဲချိန်မိနစ်(၉၀)အပြည့် ကစားနိုင်ခဲ့ပါတယ်။ သားသမီး ၄ ယောက်၊ မြေး ၆ ယောက်ရှိတဲ့ ဘဟာဒါဟာ Genius အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့လို့ အသင်းဖော်တွေက သူ့ကို ပွေ့ဖက်အောင်ပွဲခံခဲ့ကြပါတယ်။

“ကျွန်တော်က ပြိုင်ပွဲအဖြစ် ကစားတဲ့ပွဲစဉ်တစ်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားပါ။ ဒီစံချိန် မရနိုင်တော့ဘူးထင်ခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ စံချိန်တင်နိုင်ခဲ့တာပါ။ ကျွန်တော် ဒဏ်ရာရထားပါတယ်။ ဒါပေမဲ့ လာမယ့်ပွဲစဉ်မှာ ပွဲချိန်မိနစ်(၉၀)ပြည့် ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်’’လို့ ဘဟာဒါက ပြောပါတယ်။ ဘဟာဒါဟာ မတ်လ ၂၁ ရက်မှာ ကစားမယ့် ဒုတိယပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင်ကစားနိုင်မယ်ဆိုရင် ကမ္ဘာ့အသက်အကြီးဆုံး ဘောလုံးသမားအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်တော့မှာပါ။ လက်ရှိအချိန်မှာတော့ အစ္စရေးနိုင်ငံသား အိုင်ဆက်ဟာယစ်က အဲဒီစံချိန် တင်ထားပါတယ်။ ဂိုးသမား အိုင်ဆက်ဟာယစ်ဟာ ပြီးခဲ့တဲ့နှစ်က Ironi Or Yehuda အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး အဲဒီအချိန်မှာ သူ့အသက်က ၇၃ နှစ်၊ ၉၅ ရက် ရှိနေပါပြီ။ ဘဟာဒါဟာ အသက် ၆ နှစ်သားအရွယ်ကတည်းက ကိုင်ရိုမြို့ လမ်းတွေပေါ်မှာ ဘောလုံးကစားခဲ့ပေမဲ့ ဆယ်စုနှစ် ၇ ခုအကြာမှ ကလပ်အသင်းမှာ ဘောလုံးကစားခွင့် ရခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top