ယူရိုပါလိဂ်မှာလည်း All English Final ဖြစ်လာ

fb1.jpg

ဒီနှစ်ဘောလုံးရာသီကတော့ ဥရောပမှာ အင်္ဂလန်အသင်းတွေ ကြီးစိုးခဲ့ပြီး ယူအီးအက်ဖ်အေက ကျင်းပတဲ့ ပြိုင်ပွဲ (၂) ရပ်လုံး All English Final ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ လီဗာပူး-စပါး တွေ့ဆုံနေပြီး ယူရိုပါလိဂ်မှာ အာဆင်နယ်-ချဲလ်ဆီးတွေ့ဆုံနေပါတယ်။ ယူအီးအက်ဖ်အေက ကျင်းပတဲ့ ပြိုင်ပွဲ (၂) ရပ်မှာ နိုင်ငံတစ်နိုင်ငံတည်းက အသင်း (၄) သင်း ဗိုလ်လုပွဲတွေ ကစားခွင့်ရတာ ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။

ချဲလ်ဆီး (၁-၁) ဖရန့်ဖတ်

(နှစ်ကျော့ပေါင်းရလဒ် (၂-၂) ဂိုးဖြစ်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် (၄-၃) ဂိုးနဲ့ ချဲလ်ဆီးဗိုလ်လုပွဲ တက်လှမ်း)

ချဲလ်ဆီးက ဟာဇက်၊ ဂျရူး၊ ဝီလျံတို့ တိုက်စစ်ပိုင်းနဲ့ ပွဲထွက်လာပြီး ဖရန့်ဖတ်ကတော့ ဂျိုဗစ်၊ ရီဗစ် တိုက်စစ်အတွဲနောက်မှာ ဂါစီနိုဗစ်ကို ခြံရံကစားစေခဲ့ပါတယ်။ ပွဲချိန် (၁၅) မိနစ်မှာ ဒါကော်စတာရဲ့ကန်ချက်ကို ချဲလ်ဆီးဂိုးသမား ကီပါ ကာကွယ်ခဲ့ရပြီး နောက် ၉ မိနစ်အကြာမှာ ဒေးဗစ်လုဇ်ရဲ့ခေါင်းတိုက်ချက်ကို ဂိုးစည်းပေါ်ကနေ ဟာဆီဘီ ရှင်းထုတ်ခဲ့ရပါတယ်။

ပွဲချိန် (၂၈) မိနစ်မှာ ဟာဇက်ရဲ့ဖန်တီးမှုကတစ်ဆင့် လိုတက်ဖ်ချိခ်က ထောင့်ဖြတ်အနေအထားကနေ အဝေးတိုင်ဘက်ကန်ချက်နဲ့ ချဲလ်ဆီးအတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ အခုပွဲမှာ ချဲလ်ဆီး တိုက်စစ်ပိုင်းက အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲချိန် (၄၉) မိနစ်မှာ ဂါစီနိုဗစ်က ဒေးဗစ်လုဇ် လူကပ်မထားတဲ့ ဂျိုဗစ်ထံ အနီးကပ်ထိုးပေးခဲ့ပြီး ဂျိုဗစ်က ဂိုးသမားနဲ့အတွေ့မှာ ချေပဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန် (၈၇) မိနစ်မှာ ဂျရူးက အဝေးကန်ချက်နဲ့ ဂိုးရဖို့ကြိုးစားခဲ့ပေမဲ့ ကီဗင်ထရက် ပုတ်ထုတ်နိုင်ခဲ့ပါတယ်။

အချိန်ပိုဆက်ကစားရာမှာ ဘယ်တောင်ပံကနေ ကိုစတစ် ထိုးပေးတဲ့ဘောလုံးကို လူစားဝင် ကစားသမား ဟော်လာ ကန်သွင်းနိုင်ခဲ့ပေမဲ့ ဒေးဗစ်လုဇ်က ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၁၆၆ မိနစ်မှာ အက်ပီလီကူတာက ဂိုးသွင်းခဲ့ပေမဲ့ ဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ ကွင်းလယ်ဒိုင်က သတ်မှတ်ပြီး ဂိုးမပေးခဲ့ပါဘူး။ တကယ်လည်း ဂိုးသမားက ဘောလုံး ဖမ်းမိထားတာကို အက်ပီလီကူတာက တွန်းပြီး ဂိုးသွင်းခဲ့တာပါ။

အချိန်ပိုမှာ နှစ်သင်းလုံး ဂိုးမသွင်းနိုင်လို့ ပင်နယ်တီ အဆုံးအဖြတ်ကန်ခဲ့ပါတယ်။ ဒါဟာ ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းမှာ ပင်ွတီ အဆုံးအဖြတ်ခံယူရတဲ့ ပထမဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်ပြီး ယူအီးအက်ဖ်အေဖလား/ယူရိုပါလိဂ်ဖလားပြိုင်ပွဲမှာတော့ ပင်နယ်တီ အဆုံးအဖြတ်ခံယူရတဲ့ တတိယမြောက် ဆီမီးဖိုင်နယ်ပွဲစဉ်ပါ။ ပင်နယ်တီအဆုံးအဖြတ်မှာ ချဲလ်ဆီးဂိုးသမား ကီပါက (၂) လုံးကာကွယ်နိုင်ခဲ့ပြီး ချဲလ်ဆီးက (၄-၃) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဗလင်စီယာ (၂-၄) အာဆင်နယ်

(နှစ်ကျော့ပေါင်းရလဒ် (၃-၇) နဲ့ အာဆင်နယ် ဗိုလ်လုပွဲတက်)

အာဆင်နယ်ဟာ စောစောစီးစီး ဂိုးပေးခဲ့ရပေမဲ့ အူဘာမီယန်းရဲ့ ဟက်ထရစ်ဂိုး၊ လာကာဇက်တီရဲ့ဂိုးတွေနဲ့အတူ အဝေးကွင်းမှာ နိုင်ပွဲထပ်ယူပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်လှမ်းခဲ့ပါတယ်။ ပွဲချိန် (၁၁) မိနစ်မှာ ရိုဒရီဂို ထိုးပေးတဲ့ဘောလုံးကို ဂါမဲရိုးက ပိတ်သွင်းပြီး ဗလင်စီယာအတွက် အဖွင့်ဂိုးသွင်းခဲ့ပေမဲ့ (၆) မိနစ်အကြာမှာပဲ အူဘာမီယန်းက ဗလင်စီယာ ကစားသမား (၂) ယောက် ပိတ်ဆို့ထားတဲ့ကြားကနေ ဧရိယာထိပ်ကန်ချက်နဲ့ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

ပွဲချိန် (၅၀) မိနစ်မှာ လာကာဇက်တီက ဒုတိယဂိုးသွင်းယူခဲ့ပြီး ပွဲချိန် (၅၈) မိနစ်မှာ ဂါမဲရိုးက ဒုတိယ ချေပဂိုး ထပ်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် (၆၉)၊ (၈၈) မိနစ်တွေမှာ အူဘာမီယန်းက (၂) ဂိုးထပ်သွင်းခဲ့လို့ အာဆင်နယ် (၂-၄) ဂိုးနဲ့ အနိုင်ရခဲတာပါ။ အူဘာမီယန်းဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ဘေဆယ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းခဲ့တဲ့ လူးကပ်စ်ပီရက်စ်နောက်ပိုင်း ဥရောပပြိုင်ပွဲမှာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး အာဆင်နယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top