စိတ်အစဉ်ငြိမ်သက်သွားဖို့ အချိန်တစ်ခုတော့ လိုပါတယ်

buddha.jpg

တစ်ခါတုန်းက မြတ်စွာဘုရားရှင်က နောက်လိုက်တပည့်သား ရဟန်းတွေနဲ့အတူ တစ်မြို့ပြီး တစ်မြို့ကို လမ်းလျှောက်ပြီး ကြွမြန်းခဲ့ပါတယ်။ လမ်းခရီးတစ်နေရာ ရောက်တဲ့အခါ ရေကန်တစ်ခုအနားက ဖြတ်သွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ခဏတစ်ဖြုတ်ရပ်နားခိုက်မှာ မြတ်စွာဘုရားရှင်က ရေဆာတဲ့အတွက် ရှေ့မှာရှိတဲ့ရေကန်ထဲက ရေအနည်းငယ် သွားခပ်ဖို့ တပည့်ရဟန်းတစ်ပါးကို စေခိုင်းခဲ့ပါတယ်။

တပည့်ရဟန်းလည်း ရေကန်ရှိရာကို သွားခဲ့ပါတယ်။ ရေကန်ဆီရောက်တဲ့အချိန်မှာ လူအချို့က ရေထဲမှာအဝတ်အစားလျှော်နေတာကို မြင်တွေ့ရပြီး တစ်ဆက်တည်းမှာပဲ နွားလှည်းတစ်စီးက ရေကန်အစပ်နားက ဖြတ်ပြီး မောင်းလာတာတွေ့လိုက်ရပါတယ်။ အကျိုးဆက်အနေနဲ့ ကန်ထဲကရေတွေက ရွှံ့ထပြီး နောက်ကျိသွားပါတယ်။ ဒီအချိန်မှာ ရဟန်းလည်း ဒီလိုမျိုးနောက်ကျိနေတဲ့ရေကို ဘုရားရှင်သောက်သုံးဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့တွေးပြီး မြတ်စွာဘုရားရှင်ဆီပြန်ရောက်တဲ့အခါ ကန်ထဲကရေတွေက ဗွက်ထနေတဲ့အတွက် သောက်သုံးရန် မသင့်တော်ပါဆိုပြီး လျှောက်တင်ခဲ့ပါတယ်။

မြတ်စွဘုရားက သစ်ပင်အောက်မှာ ခဏတစ်ဖြုတ် နားကြရအောင်လို့ မိန့်ခဲ့ပါတယ်။ တစ်နာရီခွဲလောက်ကြာတဲ့အခါ ပထမတစ်ခါ ရေသွားခပ်ခဲ့တဲ့ ရဟန်းကိုပဲ ရေကန်ဆီပြန်သွားပြီး ရေထပ်ခပ်ခဲ့ဖို့ မိန့်ကြားပါတယ်။ ဒီတစ်ခေါက်မှာတော့ ကန်ထဲကရေတွေ လုံးဝကြည်လင်နေတာကို တွေ့ခဲ့ရပါတယ်။ ရွှံ့တွေက အနည်ထိုင်သွားပြီး အပေါ်မှာ ရေကြည်တွေပဲ ကျန်ခဲ့တာဖြစ်တာကြောင့် ရေအိုးလေးနဲ့ ခပ်ယူပြီး မြတ်စွာဘုရားဆီ သယ်ဆောင်သွားခဲ့ပါတယ်။

မြတ်စွာဘုရားရှင်က ရေကိုကြည့်ပြီးတဲ့နောက် တပည့်ရဟန်းကို ကြည့်ပြီး တန်ဖိုးရှိတဲ့ စကားတစ်ခွန်းကို မိန့်ကြားခဲ့ပါတယ်။ “ရေကြည်သွားအောင်အားစိုက်မှုမပြုရပါဘဲ ရွှံ့ဗွက်တွေကို သူ့အလိုလို အနည်ထိုင်သွားစေတဲ့အခါ သန့်စင်တဲ့ရေကို ရခဲ့ပြီ ”ဆိုပြီး မိန့်ကြားလိုက်တာဖြစ်ပါတယ်။

ဒီဥပမာလေးက ရလိုက်တဲ့သင်ခန်းစာက ကျွန်မတို့တွေရဲ့စိတ်ကလည်း ဒီလိုမျိုးပါပဲ။ စိတ်မှာ ရှုပ်ထွေးမှုတွေဖြစ်လာတဲ့အခါ အချိန်ခဏလောက်ပေးထားလိုက်ပါ။သူ့အလိုလို တဖြည်းဖြည်း ငြိမ်သက်သွားပါလိမ့်မယ်။ စိတ်အစဉ် ငြိမ်သက်မှုရရာရကြောင်းကို အတင်းကြီး အားစိုက်နေစရာ မလိုပါဘူး။ တည်ငြိမ်မှုရှိသွားတဲ့အချိန်မှသာ ဘဝအတွက် အကောင်းဆုံးဆုံးဖြတ်ချက်တွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref: moralstories “Sometimes,let it be”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top