ပရီးမီးယားဆုဖလားအတွက် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်ရနိုင်တယ်လို့ ဂွာဒီယိုလာ ပြော

m1.jpg

ဖေဖော်ဝါရီပွဲကျပ်ကာလမှာ မန်စီးတီးအသင်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်ရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

မန်စီးတီးဟာ ဖေဖော်ဝါရီလ ၇ ရက် မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ်အချိန်မှာ ကစားမယ့် အဲဗာတန်နဲ့ပွဲစဉ်ကို အနိုင်ရခဲ့ရင် (လီဗာပူးအသင်းထက် တစ်ပွဲပိုကစားပြီး)ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးနေရာက လီဗာပူးဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ လက်စတာ၊ ဝက်စ်ဟမ်းတို့ကို သရေကျခဲ့လို့ ၄ မှတ်လျော့ခဲ့ပြီး မန်စီးတီးကို ၃ မှတ်ပဲ ဖြတ်နိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

မန်စီးတီးဟာ ၂၀၁၂ ခုနှစ်၊ ၂၀၁၄ ခုနှစ်တွေက ပရီးမီးယားလိဂ် နောက်ဆုံးနေ့ ပွဲစဉ်တွေ ကစားပြီးမှ ချန်ပီယံဖလား ဆွတ်ခူးနိုင်ခဲ့တာပါ။ ” နောက်ဆုံးနေ့ ပွဲစဉ် ဒါမှမဟုတ် နောက်ဆုံးပွဲစဉ် ၂ ပွဲကျမှ ဘယ်အသင်း ချန်ပီယံဖြစ်မလဲဆိုတာ ပြောနိုင်ပါလိမ့်မယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်ရနိုင်တယ်ဆိုတဲ့ အမြင်ကို ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ ကျွန်တော့် ကစားသမားတွေကို ၅ ဂိုးပြတ်နိုင်အောင် ကစားလို့ ပြောတာမဟုတ်ပါဘူး။ အရေးအကြီးဆုံးက နိုင်ပွဲရဖို့ပါပဲ။ ပြီးရင်တော့ ဂိုးသွင်းနိုင်သလောက် သွင်းပေါ့။ ဒါမှမဟုတ်လည်း ဂိုးမပေးရအောင် ကစားပေါ့။ ပြီးခဲ့တဲ့ ၃၊ ၄ ရက်မှာ ကျွန်တော်တို့တွေ အဲဒီလို လုပ်နိုင်ခဲ့ပါတယ်။ လီဗာပူးက တောက်လျှောက်ဦးဆောင်ခဲ့ပေမဲ့ အခုတော့ ကျွန်တော်တို့ ဦးဆောင်နိုင်လောက်တဲ့ အခြေအနေ ဖြစ်လာပါပြီ”လို့ ဂွာဒီယိုလာက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top