ခပ်ခွာခွာနေရေးစည်းမျဉ်းကြောင့် ၃၇ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ဂျာမန်ကလပ်

23-9-2020-yyl-019.jpg

ဂျာမန်ဘောလုံးကလပ်အသင်းတစ်သင်းဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှာ စိုးရိမ်ပြီး ကစားသမား ၇ ယောက်ပဲ ထည့်သွင်းကစားခဲ့သလို ပြိုင်ဘက်အသင်း ကစားသမားတွေနဲ့ ခပ်ခွာခွာ နေခိုင်းခဲ့လို့ ၃၇ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အက်စ်ဗီဟိုဒင်စတက်(၂) အသင်း ကစားသမားတွေက အရင်ပွဲစဉ်မှာ ကိုဗစ်-၁၉ ရောဂါ ရှိသူတစ်ယောက်နဲ့ ထိတွေ့မိခဲ့တဲ့အတွက် ရစ်ဒေါ့ဖ်အသင်းက အက်စ်ဗီဟိုဒင်စတက်(၂)နဲ့ ကစားရမယ့်ပွဲစဉ်ကို ရွှေ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒေသဆိုင်ရာ ဘောလုံးအဖွဲ့အစည်းက ပွဲရွှေ့ပေးဖို့ ငြင်းဆန်ခဲ့ပြီး ရစ်ဒေါ့ဖ်အသင်းကို ပွဲကစားဖို့ ပျက်ကွက်ရင် ယူရို(၂၀၀) ဒဏ်ရိုက်မယ်လို့ သတိပေးခဲ့ပါတယ်။ အက်စ်ဗီဟိုဒင်စတက်(၂) အသင်း ကစားသမားတွေကို ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ ရောဂါပိုး မရှိခဲ့ပေမဲ့ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိချိန် ၁၄ ရက်မပြည့်သေးလို့ စိတ်မချရဘူးလို့ ရစ်ဒေါ့ဖ်အသင်းက စောဒကတက်ခဲ့တာပါ။

စောဒကတက်လို့ မရတဲ့အဆုံးမှာတော့ ရစ်ဒေါ့ဖ်အသင်းက အဲဒီပွဲမှာ ပွဲထွက်ကစားသမားတွေကို မထည့်ဘဲ အရန်ကစားသမား ၇ ယောက်ပဲ ထည့်သွင်းကစားစေခဲ့ပါတယ်။ ရစ်ဒေါ့ဖ်အသင်း ကစားသမားတစ်ယောက်က ကွင်းထဲဝင်ပြီး စပေးဘောကို ပြိုင်ဘက်အသင်းထံ ပေးပြီးတာနဲ့ ကစားသမား ၇ ယောက်လုံး ကွင်းဘေးစည်းမှာပဲ လမ်းလျှောက်နေပြီး ဘောလုံးလိုက်မလုခဲ့ပါဘူး။ ရစ်ဒေါ့ဖ်အသင်း ကစားသမားတွေက အက်စ်ဗီဟိုဒင်စတက်(၂) အသင်း ကစားသမားတွေနဲ့ အနည်းဆုံး ၆ ပေ အကွာမှာပဲ နေကြပါတယ်။ ဒါတောင် အက်စ်ဗီဟိုဒင်စတက်(၂) အသင်းက ၂ မိနစ်၊ ၃ မိနစ်ခြားတစ်ခါပဲ ဂိုးသွင်းလို့ (၃၇) ဂိုးပဲ သွင်းနိုင်ခဲ့တာပါ။ ရစ်ဒေါ့ဖ်အသင်းဟာ ဂျာမန်ဘောလုံးလိဂ်ပြိုင်ပွဲရဲ့ ဧကဒသမတန်း ( ၁၁ တန်းမြောက်)မှာ ကစားနေတဲ့အသင်းပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top