မြန်မာနိုင်ငံမှ နှစ်သန်းပေါင်း ၁၀၀ ခန့်ရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်း

413BA16E00000578-4582742-image-a-1_1496929025627.jpg

နှစ်သန်းပေါင်း တစ်ရာခန့်သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းရှိ မိုင်းတွင်းတစ်တွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ တရုတ်ပြတိုက်တစ်ခုသို့ ရောက်ရှိခဲ့ပါတယ်။

အခုဆိုရင် သိပ္ပံပညာရှင်များဟာ သဘာဝတရားအတိုင်း ဖြစ်ပေါ်နေတဲ့ ငှက်ကျောက်ဖြစ်ရုပ်ကြွင်းကို ယနေ့ခေတ်ငှက်များနဲ့ ဘာကွာခြားမှုရှိနေလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။ ဒီလေ့လာမှုကို National Geographic မှ ငွေကြေးထောက်ပံ့မှု ပြုလုပ်ခဲ့ပြီး လတ်တလောပိုင်းမှာပဲ Gondwana Research ဂျာနယ်မှာ လေ့လာချက်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

ပညာရှင်များရဲ့ လေ့လာချက်အရ ကျောက်ဖြစ်ရုပ်ကြွင်းထဲက ငှက်ပေါက်လေးဟာ ဒိုင်နိုဆောများနဲ့ ခေတ်ပြိုင်တည်ရှိခဲ့တဲ့ enantiornithine ငှက်မျိုးဖြစ်ပြီး ပယင်းကျောက်ထဲမှာ ငှက်ရဲ့ ခေါင်း၊ တောင်ပံ၊ အမွှေးများနဲ့ ခြေထောက်များကို ပါရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါသေးတယ်။ ယနေ့ခေတ်ငှက်များနဲ့ မတူညီတာကတော့ ဒီငှက်မှာ သွားများပါဝင်ပြီး အတောင်ပံတွေဟာ ချွန်ထက်နေတဲ့အပြင် နှုတ်သီးပါဝင်ခြင်း မရှိပါဘူး။ ဒီငှက်မျိုးဟာ လွန်ခဲ့တဲ့ နှစ် ၆၆သန်းခန့်က ဒိုင်နိုဆောများနဲ့အတူ မျိုးသုဉ်းသွားခဲ့တာဖြစ်ပါတယ်။

“မြန်မာ့ပယင်းကျောက်ဟာ ကြီးမားခြင်း၊ ကြည်လင်ခြင်း၊ အကြမ်းခံခြင်းတို့ကြောင့် ယခုတွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဟာ ထူးခြားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၉ သန်းခန့် က ကျောက်ဖြစ်ရုပ်ကြွင်း အပင်များ၊ ကျောက်ဖြစ်ရုပ်ကြွင်း အင်းဆက်များ စတဲ့အရာတွေ ပေါများတဲ့အတွက် ကျောရိုးရှိသတ္တဝါများကို လေ့လာလိုသူများအတွက် တန်ဖိုးကြီးတဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။” လို့ လေ့လာသူခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။ ငှက်ရဲ့ တောင်ပံ အမွှေးအတောင်များအရ ဒီငှက်ပေါက်လေးဟာ ရက်ပိုင်းသာရှိသေးပြီး သစ်ရည်တွေကြားထဲမှာ ညှပ်သွားပြီး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်လာတာ လို့ပညာရှင်များက ဆိုပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များဟာ တရုတ်၊ မွန်ဂိုလီးယား၊ စပိန်၊ အာဂျင်တီးနား၊ ဘရာလ်ဇီးလ် စတဲ့နိုင်ငံတွေမှာလည်း ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့ပေမဲ့ ယခု ကျောက်ဖြစ်ရုပ်ကြွင်းလောက် အရည်အသွေးကောင်းမွန်ခြင်း မရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များကတော့ အရည်အသွေးကောင်းတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပါ ပယင်းကျောက်များကို မြန်မာနိုင်ငံမှာ ထပ်မံတွေ့ရှိဖို့ မျှော်လင့်နေကြပါတယ်။

Ref : IFL Science  News : Extinct Baby Bird Has Been Stuck in Amber For 100 Million Years

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top