(၁) နှစ်ကျော်လောက် မြစ်ထဲရှိနေခဲ့တာတောင် အသုံးပြုလို့ရသေးတဲ့ အမျိုးသမီးတစ်ဦးရဲ့အိုင်ဖုန်း

yyl-033-7.jpg

အက်ရီကာ ဘန်းနက်တ် (Erica Bennett) ဆိုတဲ့အမျိုးသမီးတစ်ဦးဟာ ၂၀၁၈ခုနှစ် ဇွန်လက တောင်ကယ်ရိုလိုင်းနားပြည်နယ်က မြစ်တစ်ခုမှာ သူ့ရဲ့ဖုန်းပျောက်သွားခဲ့ပေမဲ့ (၁) နှစ်ကျော်ကြာတဲ့အချိန်မှာတော့ ရေငုပ်သမားတစ်ဦးက ပြန်တွေ့ခဲ့ပြီး ဖုန်းက အသုံးပြုလို့ရနေသေးတယ်ဆိုတာက အံ့သြဖို့ကောင်းလောက်ပါတယ်။

အဲဒီအမျိုးသမီးက သူ့မိသားစုနဲ့အတူ အက်ဒစ်တိုမြစ်ကိုအလည်လာရင် သူ့ရဲ့အိုင်ဖုန်းဟာ မြစ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။ “မြစ်ထဲမှာ အပျော်ဖောင်စီးနေတုန်း ကျွန်မတို့ရဲ့ပစ္စည်းတွေကို စုယူရင်း ဖုန်းက ရေထဲကျသွားခဲ့တာပါ။ အစက ဖုန်းရေထဲကျသွားခဲ့တာကို သတိမထားမိခဲ့ပါဘူး” လို့ သူက ပြောပါတယ်။

သူ့ခင်ပွန်း ဂျဆန်က ဖုန်းသွားရှာခဲ့ပေမဲ့ ရှာမတွေ့ခဲ့ပါဘူး။ ဖုန်းကိုတော့ ရေစိုခံအိတ်ထဲထည့်ထားပါတယ်။ အဲဒီဖုန်းထဲမှာ သူ့အဖေရဲ့အမှတ်တရများစွာရှိတဲ့အတွက် ဘယ်အရာနဲ့မျှ လွယ်လွယ်နဲ့ အစားထိုးလို့မရတဲ့အရာတစ်ခုပါ။ သူက သူ့ဖခင်ရဲ့ပုံတွေ၊ စာတွေကို တစ်သက်လုံးမတွေ့ရတော့ဘူးဆိုပြီး စိုးရိမ်ကြောက်ရွံ့မှုတွေဖြစ်ခဲ့ပါတယ်။

မကြာသေးခင်ကမှ အက်ရီကာက မိုက်ကယ် ဘန်းနက်တ် (Michael Bennett) ဆိုတဲ့ YouTubeရဲ့နာမည်ကြီးဆယ်လီရဲ့ကျေးဇူးကြောင့် သူ့ဖုန်းလေးကို ပြန်ရရှိခဲ့ပါတယ်။ မိုက်ကယ်က အဖိုးတန်ရတနာတွေကို မကြာခဏရေငုပ်ပြီး ရှာဖွေလေ့ရှိပါတယ်။ သူဟာ ရေငုပ်ရင်းနဲ့ မြစ်အောက်ခြေ (၁၀) ပေလောက်မှာ ရေစိုခံအိတ်လေးနဲ့ အိုင်ဖုန်းတစ်လုံးကို တွေ့ရှိခဲ့ပါတယ်။

သူက အဲဒီဖုန်းကို အိမ်ကိုယူလာခဲ့ပြီး အားသွင်းကြည့်တဲ့အခါမှာ အံ့သြလောက်အောင်ကိုပဲ ဖုန်းပါဝါပွင့်လာခဲ့ပါတယ်။ ဖုန်းပိုင်ရှင်ကို ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်ကို ရှာဖို့အတွက် အဲဒီဖုန်းက ဆင်းကတ်ကိုထုတ်ပြီး အခြားဖုန်းမှာထည့်ခဲ့ပါတယ်။ ဖုန်းနံပါတ်အနည်းငယ်ခေါ်ပြီးတဲ့နောက်မှာတော့ အက်ရီကာနဲ့ အဆက်အသွယ်ရခဲ့ပါတယ်။

အက်ရီကာလည်း သူ့ဖုန်းက အသုံးပြုလို့ရသေးတာကြောင့် တအံ့တသြဖြစ်ခဲ့ရပြီး သူ့အဖေနဲ့အမှတ်တရတွေရှိနေသေးတဲ့အတွက် မိုက်ကယ်ကို ကျေးဇူးတင်ခဲ့ပါတယ်။ မိုက်ကယ်ကလည်း သူလုပ်ပေးခဲ့တဲ့အရာက အက်ရီကာအတွက် ဝမ်းသာစရာကိစ္စဖြစ်တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

Ref: ABC News “Woman’s iPhone miraculously works after spending 15 months at bottom of river”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top