၁၄ နှစ်အရွယ် ကင်မရွန်းနိုင်ငံသူက ငြိမ်းချမ်းရေးဆု ဆွတ်ခူး

yyl-003-10.jpg

အသက် ၁၄ နှစ်အရွယ်ရှိတဲ့ ကင်မရွန်းနိုင်ငံသူဟာ အစွန်းရောက်သမားတွေရဲ့ အကြမ်းဖက်မှု ခံစားရသူတွေကို ကူညီပေးခဲ့တဲ့အတွက် ကလေးသူငယ်ဆိုင်ရာ နိုင်ငံတကာ ငြိမ်းချမ်းရေးဆု ဆွတ်ခူးခဲ့ပါတယ်။ သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ အခြေအနေကို တိုးတက်အောင် ကြိုးပမ်းတဲ့ ကလေးငယ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဟော်လန်နိုင်ငံအခြေစိုက် KidsRights အဖွဲ့အစည်းက အခုလို ဆုချီးမြှင့်တာဖြစ်ပါတယ်။

ကင်မရွန်းနိုင်ငံသူ မာလွန်ဟာ အကြမ်းဖက်မှုဒဏ်ခံစားခဲ့ရတဲ့ ကလေးတွေနဲ့အတူ အလုပ်လုပ်ဖို့အတွက် ၂၀၁၄ ခုနှစ်မှာ Children for Peace လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ မာလွန်ဟာ ကင်မရွန်းနိုင်ငံမြောက်ပိုင်းက ဒေသတွေကို လှည့်လည်သွားလာပြီး ကလေးငယ်တွေကို သူတို့ရဲ့အခွင့်အရေးအကြောင်း ပြောပြခဲ့ပါတယ်။ ကလေးငယ်တွေကို ဆူပူအကြမ်းဖက်မှုမှာ ဆွဲထည့်စရာ အကြောင်းမရှိဘူးလို့ သူက ဆိုပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ စခန်းချနေတဲ့ ဘိုကိုဟာရမ်အဖွဲ့ဟာ ၂၀၁၄ ခုနှစ်ကစပြီး ကင်မရွန်းနိုင်ငံနယ်စပ်မှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ဟာ အသေခံတိုက်ခိုက်မှုတွေလုပ်ဖို့ ကလေးငယ်တွေကို(အထူးသဖြင့် မိန်းကလေးတွေ)အဖွဲ့ဝင်သစ်အဖြစ် အားဖြည့်ခဲ့ကြပါတယ်။

အဲဒီလို အားဖြည့်ခေါ်ယူမှုတွေမှာ မလိုက်ကြဖို့ မာလွန်က ကင်မရွန်းကလေးငယ်တွေကို သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ KidsRights အဖွဲ့က ဟော်လန်နိုင်ငံ ဟက်ချ်မြို့မှာ မာလွန်ကို ဆုချီးမြှင့်ခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားတဲ့ ဆွီဒင်ဆယ်ကျော်သက် ဂရီတာသွန်းဘာ့ဂ်ကလည်း မာလွန်နဲ့အတူ ပူးတွဲဆုရခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top