အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေး တစ်ဝက်နီးပါးပြီးပြီ

yyl-001-8.jpg

အောင်ဆန်းရုပ်ရှင် ဇာတ်ကားတစ်ခုလုံးရဲ့ တစ်ဝက်နီးပါးဖြစ်တဲ့ ဇာတ်ဝင်ခန်း ၅၃ ခန်းကို ရိုက်ကူးပြီး ဖြစ်တယ်လို့ ဒီဇင်ဘာ ၁၄ ရက်၊ မွန်းလွဲပိုင်းက ကမ္ဘောဇရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကနေ သိရပါတယ်။

အခုလိုရိုက်ကူးပြီးတဲ့ တချို့ရိုက်ကွင်းရိုက်ကွက်တွေအပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ”ဝေဖန်မှုအားလုံး ကို လစ်လျူရှုထားခြင်းမရှိဘူး။ တချို့ကောင်းတဲ့အချက်တွေကို ချက်ချင်းပြင်ဆင်နိုင်ခဲ့တယ်”လို့ ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ အကယ်ဒမီလူမင်းက ပြောပါတယ်။

မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးတဲ့နေရာမှာ တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးသမားဘဝ၊ ရဲဘော်သုံးချိပ်ဘဝ စသဖြင့် Serial အလိုက် ရိုက်ကူးနေတာဖြစ်ပြီး အခုဆိုရင် ရဲဘော်သုံးချိပ်ဘဝထိ ရိုက်ကူးပြီးသွားပြီဖြစ်ပါတယ်။

”ဗိုလ်ချုပ် ဆံပင်မညှပ်ခင်အခန်းတွေကို ဦးစားပေးရိုက်နေတာ၊ ပြီးရင် ဆံပင်ကို ညှပ်ချမှာ ဖြစ်ပါတယ်။ ရဲဘော်သုံးချိပ်စစ်ကြောင်းတွေ ပြည်တွင်းကို ချီတက်လာတဲ့အပိုင်းတွေကို ရိုက်ဖို့ ပြင်ဆင်နေပါတယ်”လို့ ဒါရိုက်တာ လူမင်းက ပြောပါတယ်။

ဒီရုပ်ရှင်မှာ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း၊ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီမင်းဦး၊ အကယ်ဒမီခန့်စည်သူ၊ ညိုမင်းလွင်၊ ပြေဇင်၊ မိုးဟေကို အပါ အဝင် အခြားဇာတ်ပို့၊ ဇာတ်ရံ၊ သရုပ်ဆောင်သစ်တွေနဲ့ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အဓိကဇာတ်ကောင်နေရာက သရုပ်ဆောင်နေရတဲ့ ကျော်ကျော်မျိုးနဲ့ပတ်သက်ပြီးတော့လည်း ”စိတ်ပါ ဝင်စားမှုနဲ့ ဘဝတစ်ခုလုံးကို နှစ်မြှုပ်ထားမှုအရ ဒီနေ့အချိန်ထိ သူရဲ့သရုပ်ဆောင်မှုအပိုင်းဟာ တကယ့်ကို အားရ ကျေနပ်စရာကောင်းပါတယ်”လို့ လူမင်းက သုံးသပ်ပါတယ်။

အောင်ဆန်းရုပ်ရှင်မှာ အခန်းစဉ် ၁၁၇ ခန်းပါဝင်မှာဖြစ်ပြီး အားလုံးပြီးစီးသွားတဲ့အခါမှာလည်း အရုပ်အသံ တည်းဖြတ်တာ၊ နောက်ခံတေးဂီတတွေ ဖန်တီးတာ၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေ ထည့်သွင်းတာ စတဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။

အောင်ဆန်းရုပ်ရှင်ကို စက်တင်ဘာ ၃၀ ရက်မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး မူလက ၆ လနဲ့ အပြီးရိုက်ဖို့ စီစဉ်ထားပေမယ့် အခုအခါမှာတော့ သမိုင်းတွင်ကျန်ရစ်မယ့် ဂန္ထဝင်မြောက် အတ္ထုပ္ပတ္တိဇာတ်ကားတစ်ကားအဖြစ် ပေါ်ထွန်းလာရေးကိုသာ ဦးစားပေးရိုက်သွားမယ်လို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top