နှစ် (၄၀) လုံးလုံး တစ်နေရာတည်းမှာပဲ မိသားစုဓာတ်ပုံ ရိုက်ခဲ့တဲ့ သားအဖနှစ်ဦးရဲ့ အမှတ်တရတွေ

21-8-2020-yyl-026.jpg

မိဘတွေက ကလေးတွေကို ပြုစုပျိုးထောင်နေတဲ့အချိန်မှာ သင့်အနီးနားမှာ သူတို့ရှိနေတဲ့ အတွက် သူတို့ဘယ်လောက် ပြောင်းလဲသွားလဲဆိုတာ သိနိုင်ဖို့ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ သားသမီးတွေက ကလေးဘဝကနေ ဆယ်ကျော်သက်တွေဖြစ်လာ၊ အထက်တန်းကျောင်း အောင်မြင်လို့ တက္ကသိုလ်တွေတက်လာ၊ ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲဝင်၊ အဲဒီနောက် အိမ်ထောင်ကျတဲ့အထိပါပဲ။ ကလေးတွေကြီးပြင်းလာတာ အရမ်းမြန်ပါတယ်။ ဒါကြောင့် ငယ်ငယ်လေးကနေ အခုအချိန်ထိအမှတ်တရတွေကို နောက်ပိုင်းပြန်ကြည့်လို့ရအောင် ဓာတ်ပုံရိုက်ထားပြီး သိမ်းထားသင့်ပါတယ်။

တရုတ်နိုင်ငံက ဟွာ ယန်ချင် (Hua Yunqing) ဆိုတဲ့ ဖခင်တစ်ဦးက သူ့ရဲ့သမီးလေး ဟွာဟွာ ကြီးပြင်းလာတဲ့ပုံရိပ်တွေကို အမှတ်တရအဖြစ် သိမ်းထားချင်တဲ့အတွက် သူ့သမီးနဲ့အတူ နေရာတစ်နေရာတည်းမှာပဲ ဓာတ်ပုံရိုက်မယ်ဆိုတဲ့ စိတ်ကူးကို ရခဲ့ပါတယ်။ သူဟာ ၁၉၈၀ခုနှစ်ကစပြီး ယနေ့အထိ ချန်ကျန်မြို့က ကန်ကြီးဘေးမှာ မိသားစုဓာတ်ပုံရိုက်လာခဲ့တာ နှစ် (၄၀) ရှိသွားပါပြီ။

၁၉၈၀ခုနှစ်က စပြီး တစ်နှစ်ပြီးတစ်နှစ်ကုန်သွားရင်းနဲ့ သူတို့သားအဖနှစ်ဦးရဲ့ စတိုင်တွေကလည်း ပြောင်းသွားခဲ့ပါတယ်။ ဓာတ်ပုံရိုက်တဲ့နေရာက တစ်နေရာတည်းဖြစ်ပေမယ့် နှစ်တွေ ပြောင်းသွားတာကြောင့် ရှုခင်းတွေက နည်းနည်းပြောင်းလဲသွားပါတယ်။ နှစ် (၄၀) အတွင်း သူတို့သားအဖနှစ်ဦး ဘယ်လိုတွေပြောင်းလဲသွားလဲ၊ သူတို့ဓာတ်ပုံရိုက်တဲ့နေရာ ချန်ကျန်မြို့က ကန်ကြီးကလည်း ဘယ်လိုဖြစ်နေလဲဆိုတာကို ပုံတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ယန်ချင်က သူ့သမီးလေး (၁) နှစ်အရွယ်မှာ ပထမဆုံး ဓာတ်ပုံရိုက်တော့ အသက် (၂၇) နှစ်ဖြစ်ပါတယ်။ အစက အစဉ်အလာတစ်ခုအနေနဲ့ ဓာတ်ပုံရိုက်ကူးမယ့် အစီအစဉ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပထမဆုံးဓာတ်ပုံကို ယန်ချင်မြင်ခဲ့တဲ့အချိန်မှာ အရာအားလုံးပြောင်းသွားခဲ့ပြီး အဲဒီဓာတ်ပုံကို ကြိုက်သွားခဲ့ပါတယ်။ “ကျွန်တော် တစ်နေရာတည်းမှာပဲ ထပ်ပြီး ဓာတ်ပုံရိုက်မယ်ဆိုတဲ့ အတွေးမရှိခဲ့ပါဘူး။

ဒါပေမဲ့ ဓာတ်ပုံပြန်ကြည့်တော့ ကြိုက်သွားတဲ့အတွက် နောက်နှစ်တွေမှာလည်း ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ယန်ချင်က ဆိုပါတယ်။ “အဲဒီနောက်မှာ ဓာတ်ပုံရိုက်တာက မိသားစု အစဉ်အလာလိုမျိုး ဖြစ်လာခဲ့ပါတယ်။ နှစ်တိုင်း ရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၈ခုနှစ်မှာ မရိုက်ဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့သမီးမအားတာရယ် နိုင်ငံခြားရောက်နေတာရယ်ကြောင့်ပါ”လို့ ပုံတွေမှာ နှစ်ကွာဟချက်ရှိတာကို ယန်ချင်က ရှင်းပြခဲ့ပါတယ်။

နှစ်တော်တော်ကြာတော့ ပြောင်းလဲမှုတွေ တော်တော်များခဲ့ပါတယ်။ ယန်ချင်ရဲ့သမီးက လှပချောမောတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ကြီးပြင်းခဲ့ပြီး ကိုယ်ပိုင်မိသားစု တောင်ရှိနေပါပြီ။ ယန်ချင်က မြေးတွေပိုင်ဆိုင်ထားတဲ့ အဘိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဟွာဟွာရဲ့ပထမသမီးလေးကို ၂၀၀၈ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဒုတိယသမီးက ၂၀၁၂ခုနှစ်မှာ လူလောကထဲရောက်လာခဲ့ပါတယ်။

ယန်ချင်က “ကျွန်တော် ဓာတ်ပုံစရိုက်ကူးတော့ အသက် (၆၀) ရောက်တဲ့အချိန်အထိ လုပ်နိုင်လိမ့်မယ်လို့ ဘယ်တော့ကမှ မတွေးခဲ့ဖူးဘူး။ အခုဆိုရင် ကျွန်တော့်ရဲ့သမီးလေးက တစ်ယောက်တည်းမဟုတ်တော့ပါဘူး။ ကလေး(၂) ယောက်မိခင်ဖြစ်နေပါပြီ”လို့ ပြောပါတယ်။ ဒီအစဉ်အလာကို ထာဝရဆက်လက်လုပ်ဖို့ သူ မမျှော်လင့်ထားပေမယ့်လည်း အွန်လိုင်းမှာ မိသားစုဓာတ်ပုံတွေနဲ့ပတ်သက်ပြီး ကောင်းတဲ့တုံ့ပြန်ချက်တွေရှိတော့ ဝမ်းသာမိတယ်လို့ ယန်ချင်က ဆိုပါတယ်။

Ref: Boredpanda “This Dad And Daughter Have Been Taking Yearly Pics At The Same Spot For 40 Years, And The Pics Show How Time Flies”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top