သင်္ဘောရွက်ဖျော်ရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

22-1-2021-yyl-46.jpg

အပူပိုင်းဒေသမှာ ပေါက်တဲ့ သင်္ဘောသီးကလည်း လူကြိုက်များတဲ့အသီးတွေထဲက တစ်ခုပါပဲ။ အာဟာရဓာတ်တွေပြည့်ဝတာကြောင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။ သင်္ဘောပင်က အသီးရော၊ အရွက်ရောကပါ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတာပါ။

သင်္ဘောသီးအပြင် သင်္ဘောရွက်ကိုလည်း အများဆုံးစားဖြစ်ကြပါတယ်။ သင်္ဘောရွက်ကို ဖျော်ရည်အနေနဲ့ လုပ်သောက်မယ်ဆိုရင်လည်း ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ သင်္ဘောရွက်မှာပါဝင်တဲ့ အင်ဇိုင်းဓာတ်တွေက အစာခြေပြဿနာတွေမဖြစ်ဖို့အတွက် အစာခြေစနစ်အားကောင်းအောင် ထောက်ပံ့ပေးနိုင်ပါတယ်။ သင်္ဘောရွက်နဲ့ပြုလုပ်ထားတဲ့လက်ဖက်ရည်၊ ဖျော်ရည်၊ ဆေးတွေကလည်း ဖျားနာခြင်းကို ကုသဖို့အတွက်၊ ကျန်းမာရေးအားကောင်းဖို့အတွက် မကြာခဏအသုံးပြုလေ့ရှိကြပါတယ်။ သင်္ဘောရွက်ကို ဖျော်ရည်လုပ်သောက်မယ်ဆိုရင် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ သင်္ဘောရွက်ဖျော်ရည်လုပ်နည်းကို မျှဝေပေးလိုက်ရပါတယ်။

သွေးလွန်တုပ်ကွေးလက္ခဏာရပ်တွေကို ကုသပေးနိုင်တယ်

သင်္ဘောရွက်ဖျော်ရည်ကို သွေးလွန်တုပ်ကွေးရောဂါနဲ့ဆက်စပ်တဲ့ လက္ခဏာရပ်တွေကို ကုသဖို့အတွက် အသုံးများကြပါတယ်။ သွေးလွန်တုပ်ကွေးရဲ့အဖြစ်များဆုံးလက္ခဏာရပ်က ဖျားနာတာ၊ ပင်ပန်းနွမ်းလျတာ၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ အရေပြားမှာ အနီစက်တွေဖြစ်တာ၊ အော့အန်တာတွေဖြစ်ပါတယ်။ လေ့လာချက်တွေမှာတော့ သင်္ဘောရွက်က သွေးဖြူဥပမာဏကို တိုးလာစေဖို့အတွက် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

သွေးအတွင်းသကြားပမာဏကို ထိန်းညှိပေးတယ်

သင်္ဘောရွက်ဖျော်ရည်ကို ဆီးချိုရောဂါကုသဖို့အတွက် သဘာဝဆေးအနေနဲ့ မကြာခဏအသုံးပြုလေ့ရှိကြပါတယ်။ ဒါက သွေးအတွင်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ကြွက်တွေမှာ စမ်းသပ်လေ့လာမှုတွေ လုပ်ထားပေမဲ့ လူသားတွေနဲ့တော့ ဒီလေ့လာမှုမျိုးလုပ်ထားတာမရှိသေးပါဘူး။

အစာခြေကျန်းမာရေးကို ထောက်ပံ့ပေးတယ်

သင်္ဘောရွက်ရေနွေးကြမ်းကိုလည်း ရင်ပူရင်ဆာဖြစ်တာ၊ လေအောင့်တာလို့ အစာခြေပြဿနာတွေကို ကုသဖို့အတွက် သောက်သုံးကြပါတယ်။ သင်္ဘောရွက်မှာ အစာခြေကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ အမျှင်ဓာတ်ပါဝင်ပါတယ်။ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်တွေကို လွယ်ကူစွာ ချေဖျက်နိုင်ဖို့အတွက် ပိုသေးသွားအောင် ဖြိုခွဲပေးပါတယ်။ ဝမ်းချုပ်ခြင်းလို ပြဿနာတွေကို ကုသဖို့လည်း အကူအညီပေးနိုင်ပါတယ်။

ရောင်ရမ်းနာကျင်မှုကို သက်သာစေတယ်

သင်္ဘောရွက်ကို ဖျော်ရည် (ဒါမှမဟုတ်) ရေနွေးကြမ်းအနေနဲ့ လုပ်သောက်ပေးတာက ခန္ဓာကိုယ်ရဲ့အတွင်းရောအပြင်ရောရောင်ရမ်းနာကျင်တဲ့အခြေအနေတွေကို ကုသတဲ့အခါ အကူအညီဖြစ်စေတယ်လို့ သိရပါတယ်။

ဆံပင်သန်စေတယ်

ဦးရေပြားမှာ သင်္ဘောရွက်ဖျော်ရည်ကို သုတ်လိမ်းပေးမယ်ဆိုရင် ဆံပင်ကို သန်စွမ်းစေပြီး ဆံသားကျန်းမာရေးကို ကောင်းစေပါတယ်။ ဗောက်ထခြင်းတွေမဖြစ်အောင်လည်း ထိန်းပေးနိုင်စွမ်းရှိပါတယ်။

အသားရေကို ကျန်းမာသန်စွမ်းစေတယ်

သင်္ဘောရွက်ကို အသားရေနူးညံ့ဖို့နဲ့ အသားရေကြည်လင်စေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ စားပေးလို့လည်းရပါတယ်။ သင်္ဘောရွက်မှာ ပါဝင်တဲ့ဓာတ်တွေက အညစ်အကြေးနဲ့ အရေပြားဆဲလ်အသေတွေကိုလည်း ဖယ်ရှားတဲ့အခါ ကူညီပေးနိုင်ပါတယ်။

သင်္ဘောရွက်ဖျော်ရည်ကို ဘယ်လိုလုပ်မလဲ

ဖျော်ရည်လုပ်ဖို့ဆိုရင် လတ်ဆတ်တဲ့ သင်္ဘောရွက်နဲ့ရေကို ယူပြီး သင်္ဘောရွက်ကို ဂေါ်ဖီထုပ်လှီးသလို လှီးလိုက်ပါ။ ပြီးရင် ရေအနည်းငယ်နဲ့ ဖျော်စက်ထဲ ထည့်လိုက်ပါ။ အခြားအသီးဖျော်ရည်ဖျော်သလိုပါပဲ။ ဖျော်စက်ထဲမှာ သင်္ဘောရွက်သမသွားပြီဆိုရင် သောက်သုံးလို့ရပါပြီ။ သင်္ဘောရွက်ဖျော်ရည် (၁၀၀မီလီလီတာ) ကို တစ်နေ့ (၃) ခါ ခွဲသောက်နိုင်ပါတယ်။ ဖျော်ရည်အရသာပိုကောင်းချင်ရင်တော့ ဆား (သို့) သကြားတို့ကို ထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

Ref: Top foods for beautiful skin
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top