ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကို သတ်နိုင်တဲ့ LED မီးတစ်မျိုးကို တီထွင်ခဲ့တဲ့ ဂျပန်ကုမ္မဏီ

22-1-2021-yyl-44.jpg

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကို ထိထိရောက်ရောက် သတ်နိုင်တဲ့ စွမ်းအားမြင့် LED မီး တစ်မျိုးကို တီထွင်နိုင်ခဲ့တယ်လို့ ဂျပန် နည်းပညာ ကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Tokushima စီရင်စုနယ်မြေထဲမှာ တည်ရှိတဲ့ Anan မြို့အခြေစိုက် Nichia Corporations နည်းပညာကုမ္မဏီ က သူတို့တီထွင်လိုက်တဲ့ အဆိုပါ စွမ်းအားမြင့် LED မီးကို လေသန့်စင်စက်တွေမှာ ထည့်သွင်းအသုံးပြုဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။

အဲ့ဒီ LED မီး က ထွက်တဲ့ခရမ်းလွန်ရောင်ခြည်အောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထားကြည့်လိုက်တဲ့အခါ ဗိုင်းရပ်စ်ပိုး ဟာ စက္ကန့် ၃၀ အကြာမှာ သေသွားခဲ့တယ်လို့ Nichia ကုမ္မဏီရဲ့ ပြောကြားချက်အရ သိရပါတယ်။

အဲ့ဒီစမ်းသပ်ချက်ကို Tokushima တက္ကသိုလ်မှ ပါမောက္ခ Masako Nomaguchi က ဦးဆောင်ပြီး တခြားပညာရှင်တွေနဲ့အတူ ပြုလုပ်ခဲ့တာပါ။ လက်ရှိတီထွင်ထုတ်လုပ်ထားတဲ့ LED မီးရဲ့ စွမ်းအင်ပမာဏဟာ ၅၀ မီလီဝပ်ဖြစ်ပြီး နာရီပေါင်း ၂၀,၀၀၀ ခန့် အလင်းထုတ်လွှတ်ပေးနိုင်ပါတယ်။ LED မီးရဲ့ စွမ်းအားမြင့်လေလေ ဗိုင်းရပ်စ်ပိုးကို သတ်နိုင်ခြေပိုများလာတာကြောင့် ၇၀ မီလီဝပ် ရှိတဲ့ LED မီးတွေကိုလည်း ထပ်မံထုတ်လုပ်သွားဖို့ Nichia ကုမ္မဏီဘက်က အဆင့်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

Nichia ကုမ္မဏီဟာ သူတို့တီထွင်ထားတဲ့ LED မီးတွေ တပ်ဆင်ထားပြီး သယ်ဆောင်ရလွယ်ကူကာ အားလည်းပြန်သွင်းလို့ရတဲ့ နည်းပညာပစ္စည်းတွေကို Tokushima စီရင်စုအစိုးရအဖွဲ့နဲ့ တစ်ခြားအဖွဲ့အစည်းတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Nichia ကုမ္မဏီ ရဲ့ နောက်ထပ်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ပက်သက်ပြီး ဒါရိုက်တာ Hiroshi Kamada က “ ကျွန်တော်တို့ရဲ့ LED မီးတွေကို လေအေးပေးစက်တွေ နဲ့ လေသန့်စင်စက်တွေမှာ တပ်ဆင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချသွားဖို့ရှိပါတယ်။ တစ်ခြား နည်းပညာ ကုမ္မဏီတွေနဲ့ ပူးပေါင်းပြီးတော့လည်း ကုန်ပစ္စည်းအသစ်တွေ ထုတ်သွားဖို့ မျှော်လင့်ထားပါတယ် “ လို့ ပြောပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top