ခယောင်းလမ်းဘဝကို နင်းဖြတ်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ပတ်မိုရီတာ

26-5-2022-yyl-02.jpg

The Karate Kid လို့ ပြောလိုက်ရင် ဂျက်ကီချန်းနဲ့ ဂျေဒန်စမစ်တို့ကိုပဲ ပြေးမြင်ကြမှာပါ။ တကယ်တော့ The Karate Kid စီးရီးတွေရဲ့အစက ဂျပန်နွယ်ဖွား အမေရိကန်နိုင်ငံသား ပတ်မိုရီတာလို့ ဆိုရမှာပါ။ သူဟာ ဇာတ်ပို့အဖြစ် အော်စကာဆု ဆန်ခါတင်စာရင်း ဝင်ခဲ့တဲ့ ပထမဆုံး အာရှနွယ်ဖွား အမေရိကန်သားတစ်ယောက်လည်း ဖြစ်ပါတယ်။ ပတ်မိုရီတာရဲ့ဘဝက ခက်ခဲကြမ်းတမ်းမှုတွေ ပြည့်နှက်ခဲ့ပြီး ကလေးဘဝကနေ ကွယ်လွန်ချိန်အထိ နိမ့်မြင့်ဖုံဖုံ၊ အစုံစုံ ကြုံခဲ့ရသူပါ။ ဆင်းရဲနွမ်းပါးတဲ့ ကျပန်းလုပ်သား ဂျပန်မိဘနှစ်ပါးက ပတ်မိုရီတာကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။

သူ့မိဘတွေက စိုက်ခင်းမှာနေ့စားအလုပ်လုပ်ရပြီး ညစ်ပတ်စိုစွတ်တဲ့ တဲငယ်လေးက သူတို့အိမ်ပါပဲ။ ၂ နှစ်သားအရွယ်မှာ ပတ်မိုရီတာက ကစားရာကနေ ချော်လဲရင်း ကျောမှာ ဒဏ်ရာရသွားတယ်။ ပုံမှန်အားဖြင့်တော့ ဒါဟာ ပြောပလောက်တာမျိုး မဟုတ်ပေမဲ့ ပတ်မိုရီတာအတွက်တော့ ဘဝတစ်ခုလုံးကို ပြောင်းလဲစေခဲ့တဲ့ ဒဏ်ရာ ဖြစ်သွားခဲ့တာပါ။ ဒဏ်ရာထဲ ပိုးဝင်ပြီး အပြင်းဖျားလို့ ပရဟိတဆေးရုံ သွားပြချိန်မှာတော့ ကျောရိုးတီဘီရောဂါ ခံစားနေရတယ်လို့ ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ ဒီရောဂါက ကုရာနိတ္တိ ဆေးမရှိသေးလို့ အသက်သေရင် သေ၊ မသေရင်တောင် တစ်သက်လုံး လမ်းပြန်လျှောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေက ကောက်ချက်ချခဲ့ကြပါတယ်။ ကံကောင်းချင်တော့ ခေတ်မီစက်ကိရိယာတွေရှိတဲ့ ဆန်ဖရန်စစ္စကိုဆေးရုံက ပတ်ရဲ့အကြောင်းကိုကြားပြီး စမ်းသပ်ခွဲစိတ်မှုလုပ်ချင်ရင် လုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်ခဲ့ပေမဲ့ ပတ်ကတော့ လမ်းပြန်မလျှောက်နိုင်ခဲ့ပါဘူး။ သူဟာ ကမ္ဘာ့ပထမဆုံး ပဋိဇီဝဆေးဖြစ်တဲ့ ပင်နယ်စလင်ဆေးဝါးနဲ့ အစောဆုံးကုသမှုခံယူခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။

ဆရာဝန်တွေက သူ့ကို ဆေးရုံကနေ ပေးမဆင်းလို့ သူ့ရဲ့ကလေးဘဝကို ဆေးရုံခုတင်ပေါ်မှာပဲ အချိန်ကုန်ဆုံးခဲ့ရပါတယ်။ ရွယ်တူကလေးတွေနဲ့ ဆော့ကစားခွင့်မရခဲ့ဘူး။ ဆရာဝန်တွေ၊ သူနာပြုတွေက သူ့ရဲ့ထာဝရအဖော်တွေလိုပါပဲ။ ဆေးရုံတက်ရတာ ၉ နှစ်ကြာခဲ့တယ်။ ဆေးရုံမှာတော့ တစ်ပတ်ကို ၃ ကြိမ် စာသင်ခွင့် ရပါတယ်။ ဆေးရုံမှာ စိတ်ထားနူးညံ့သိမ်မွေ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး အိုကွန်နာနဲ့ ဆုံခဲ့ပြီး အိုကွန်နာက သူ့ကို စနောက်ရင်း ပတ်မိုရီတာဆိုတဲ့အမည် တွင်ခဲ့တာပါ။ သူ့ရဲ့ မွေးရာပါနာမည်ကတော့ နိုရီယူကီဖြစ်ပါတယ်။

ဆရာဝန်တွေက လမ်းပြန်လျှောက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုကြပေမဲ့ တစ်နေ့မှာတော့ သူ့ခြေထောက်တွေ ပြန်လှုပ်ရှားလာနိုင်တယ်။ အဲဒီအချိန်ကစပြီး ပတ်က လမ်းလျှောက်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရာမှာ ၁၁ နှစ်သားအရွယ်မှာတော့ ပုံမှန်အတိုင်း လမ်းပြန်လျှောက်နိုင်ခဲ့ပြီး ရောဂါလည်း လုံးဝပျောက်ကင်းသွားလို့ ဆေးရုံကနေ ပြန်ဆင်းခွင့်ရခဲ့တယ်။
လမ်းပြန်လျှောက်နိုင်ပြီး ဆေးရုံက ပြန်ဆင်းနိုင်လို့ ပျော်မဆုံးသေးချိန်မှာပဲ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲလိုက်လို့ အမေရိကန်တွေ ဒုတိယကမ္ဘာစစ်ထဲ ပါဝင်လာခဲ့ပြီး အမေရိကန်ရောက် ဂျပန်အားလုံး အလုပ်ကြမ်းစခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

ဆေးရုံမှာ ၉ နှစ်လုံးလုံး နေလာခဲ့တဲ့ ပတ်ဟာ အင်္ဂလိပ်စကားပဲ ပြောနေကျဖြစ်လို့ ဂျပန်စကား မပြောတတ်တော့ဘဲ မိဘတွေနဲ့တောင် သူစိမ်းတွေလို ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် မိဘတွေဆီ ပြန်ရောက်ပြီးနောက်မှာ ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေကို လွမ်းလို့ ၁ ပတ်လုံးလုံး ငိုနေတတ်ပါတယ်။ စစ်ကြီး ပြီးသွားချိန်မှာ သူတို့မိသားစုက သစ်သီးခူးတဲ့ အလုပ်လုပ်ပြီး ပိုက်ဆံစုရင်း တရုတ်စားသောက်ဆိုင် ဖွင့်လိုက်တယ်။

အဲဒီအချိန်မှာ ပတ်က ကျောင်းတက်ဖို့ ပူဆာပေမဲ့ သူ့အဖေကတော့ ကျောင်းမတက်ခိုင်းဘူး။ အဲဒီတော့ သူလည်း ဆိုင်မှာပဲ ဝိုင်းကူလုပ်ရတယ်။ သူတို့မိသားစုက ရှိတာလေးတွေ ခြစ်ချုပ်စု၊ ချေးသင့်တာချေးပြီး စားသောက်ဆိုင်ကို အပိုင်ဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံတရားက ပတ်ကို မျက်နှာသာ မပေးခဲ့ပြန်ပါဘူး။ တစ်ရက်မှာတော့ စိတ်အပန်းဖြေဖို့ ရုပ်ရှင်သွားကြည့်ပြီး ပြန်လာတဲ့ သူ့အဖေဟာ ကားတိုက်ခံရလို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ကားသမားက သူ့အဖေကို ဝင်တိုက်မိမှန်းမသိဘဲ ကားကို ဆက်မောင်းနေခဲ့လို့ သူ့အဖေဟာ ခပ်ဝေးဝေးအထိ ကားနောက်ကို တရွတ်တိုက်ပါသွားပြီး သေဆုံးခဲ့ရတာပါ။ ဒီဖြစ်ရပ်က ပတ်ရဲ့ဘဝအတွက် အရိပ်ဆိုးဖြစ်ခဲ့ပြီး ဒီစိတ်ကြောင့်ပဲ ပတ်က နောက်ပိုင်းမှာ အရက်စွဲသွားခဲ့ပါတယ်။

ပတ်က ဘိလိယက်ထိုးတာ ကျွမ်းတော့ ဘိလိယက်ထိုးရင်း ပိုက်ဆံရှာတယ်။ နောက်တော့ သူ့ထက် ၆ နှစ်ကျော်ကြီးတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး မော်တော်ယာဉ်ထုတ်လုပ်ရေးဌာနမှာ ဒေတာမှတ်တမ်းတင်သူအဖြစ် အလုပ်ရတယ်။ အဲဒီခေတ်အခါက ဘွဲ့မရဘဲ အဲဒီလို အလုပ်မျိုးရတယ်ဆိုတာ နည်းနည်းနှောနှော ကံကောင်းတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပတ်က သင်လွယ်တတ်လွယ်၊ အမြင်ကျယ်သူဖြစ်လို့ ခဏချင်းအတွင်း ရာထူးတွေ အကြိမ်ကြိမ်တိုးပြီး ဝင်ငွေတော်တော်ကောင်းသူ ဖြစ်လာတယ်။

ဝင်ငွေကောင်းပေမဲ့ ပတ်က ဒီအလုပ်မှာ မပျော်တော့ဘူး။ ၂၈ နှစ်သားအရွယ်မှာတော့ သူက ဌာနကနေ အလုပ်ထွက်ပြီး လူရွှင်တော်အလုပ်လုပ်တယ်။ ကလပ်တွေမှာ ဟာသရှိုးတယ် လိုက်ပြောတယ်။ ၅ နှစ်အတွင်းမှာ အောင်မြင်တဲ့ ဖျော်ဖြေရေးသမားတစ်ယောက် ဖြစ်လာရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့။ အတွေ့အကြုံမရှိဘဲ ပရိသတ်တွေကို ဖျော်ဖြေခွင့်ရဖို့ မလွယ်ဘူးလေ။ ဒီတော့ ပတ်က သူ့ကိုယ်သူ အတွေ့အကြုံရှိတဲ့ လူရွှင်တော်လို့ လိမ်ပြောပြီး ဟာသရှိုးတွေ လုပ်ခဲ့တာပါ။ လူရွှင်တော်အလုပ်ကိုပဲ အာရုံစိုက်နေပြီး မိန်းမနဲ့ သမီးဆီ မပြန်ဖြစ်လို့ ပထမအိမ်ထောင်နဲ့ ကွဲသွားခဲ့တယ်။

နောက်တော့ သူက နာမည်ကျော် အနုပညာကင်းထောက် ဆယ်လီမားနဲ့တွေ့ပြီး သူ့ရဲ့အေးဂျင့်လုပ်ပေးဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။ ဆယ်လီမားရဲ့ စီမံခန့်ခွဲမှုနဲ့အတူ ပတ်ရဲ့အနုပညာခရီးလမ်းက ပိုဖြောင့်ဖြူးလာခဲ့ပြီး တစ်စထက်တစ်စ လူသိများလာခဲ့တာပါ။ Happy Days ရုပ်သံဟာသရှိုးမှာ အာနိုးအဖြစ် သရုပ်ဆောင်ချိန်မှာတော့ အတော်လေး ထင်ပေါ်ကျော်ကြားသွားခဲ့ပါတယ်။ ပတ်ရဲ့အားသာချက်တွေထဲမှာ ဖြတ်ထိုးဉာဏ်ကောင်းတာကိုလည်း ချန်ထားလို့ မရပါဘူး။ Happy Days ရုပ်သံဟာသရှိုးရဲ့ Season 3 မှာ ပတ်က အာနိုးအဖြစ် သရုပ်ဆောင်ခွင့်မရတော့မယ့် အခြေအနေမျိုး ကြုံခဲ့တာပါ။

အာနိုးဇာတ်ရုပ်က တရုတ်ဖြစ်ပြီး ပတ်က ဂျပန်ဖြစ်နေလို့ပါပဲ။ ရုပ်ရှင်လောကရဲ့ စံနှုန်းအရ လူမျိုးမတူတဲ့သူနေရာမှာ သရုပ်ဆောင်ခွင့်မရှိလို့ သတ်မှတ်ထားတာကြောင့်ပါ။ ပတ်က ဒီပြဿနာကို တစ်ထိုင်တည်း ဖြေရှင်းပြခဲ့ပါတယ်။ အာနိုးဇာတ်ရုပ်က တရုတ်မဟုတ်ဘူး၊ ဂျပန်ပါလို့ ပတ်က ဆိုခဲ့ပြီး အာနိုးရဲ့မျိုးရိုးအမည်နေရာမှာ ဂျပန်နာမည်ကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

Happy Days ရုပ်သံဟာသရှိုက ၁၁ ရာသီတောင် ရိုက်ကူးရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံတရားက ပတ်ကို ကြာကြာပျော်ခွင့်မပေးခဲ့ပြန်ပါဘူး။ လော့စ်အိန်ဂျလိစ်မြို့မှာ မိုးကြီးရေလျှံလို့ မြေပြိုခဲ့ပြီး သူ့အိမ်လည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့ပါတယ်။ နောက်တော့ Happy Days ရုပ်သံဟာသရှိုး ရပ်နားခဲ့ရသလို ဒုတိယအိမ်ထောင်နဲ့လည်း ကွာရှင်းပြတ်စဲခဲ့ပါတယ်။

စိတ်ဓာတ်ကျစရာတွေပဲ ကြုံနေခဲ့တဲ့ ပတ်ရဲ့ဘဝအတွက် မီးပြတိုက် ဖြစ်စေခဲ့သူကတော့ သူ့ရဲ့အေးဂျင့်သစ်ပါပဲ။ သူ့ဆီကို အချောမသတ်ရသေးတဲ့ The Karate Kid ဇာတ်ညွှန်းယူလာပေးခဲ့တာပါ။ ဒီဇာတ်ညွှန်းကိုဖတ်ရင်း ပတ်က အရမ်းစိတ်အားထက်သန်လာတယ်။ သိုင်းဆရာကြီး မီယာဂျီ ဇာတ်ကောင်က သူနဲ့အံဝင်ခွင်ကျပဲ ဆိုတာကို ပတ် တွေးမိလိုက်တယ်။ ဒါပေမဲ့ ထုတ်လုပ်သူကတော့ မီယာဂျီ ဇာတ်ကောင်အဖြစ် လူရွှင်တော်တစ်ယောက်ကို သရုပ်ဆောင်ခိုင်းရမှာ စိတ်မဝင်စားလို့ ပတ်ကို လက်မခံဘူး။

ထုတ်လုပ်သူက ခါးခါးသီးသီး ငြင်းဆန်နေပေမဲ့ ဒါရိုက်တာ ဂျွန်အဗစ်ဆန်ကတော့ မီယာဂျီဇာတ်ကောင်ဟာ ပတ်နဲ့အလိုက်ဖက်ဆုံးပဲဆိုတာ ရိပ်မိတယ်။ ဒီတော့ သူ့ကို ပရိုဂျူဆာမသိအောင် အစမ်းသရုပ်ဆောင် လူတွေ့စစ်ဆေးမှုမှာ ခေါ်ယူခဲ့ပြီး အဲဒီတိတ်ခွေကို ပရိုဂျူဆာဆီ ပြခဲ့တာပါ။ ရုပ်ရှင်အဖွဲ့သားအားလုံးကလည်း ပတ်ရဲ့သရုပ်ဆောင်မှုကို သဘောကျကြတယ်။ အဲဒါကြောင့် နောက်ဆုံးမှာ ပရိုဂျူဆာက ပတ်ကို မီယာဂျီအဖြစ် သရုပ်ဆောင်ခွင့်ပြုခဲ့တာပါ။

၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Karate Kid ရုပ်ရှင်က ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၈ သန်းပဲ ရှိခဲ့ပြီး ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၃၅၉.၁ သန်းအထိ ရရှိခဲ့တယ်။ ပတ်ကလည်း ဇာတ်ပို့အဖြစ် အော်စကာဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။ သူက The Karate Kid စီးရီး ၃ ကားလုံးမှာ သိုင်းဆရာကြီး မီယာဂျီအဖြစ် သရုပ်ဆောင်ခွင့် ရခဲ့ပြီး ဒါက သူ့ရဲ့ အနုပညာသမားဘဝမှာ အထွတ်အထိပ်အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပတ်ဟာ Disney ထုတ်လုပ်ရေးရဲ့ ရုပ်ရှင်ကားတွေ အပါအဝင် ဇာတ်ကားအများအပြားမှာ ပါဝင်ခဲ့ပေမဲ့ Happy Days နဲ့ The Karate Kid ကလို အောင်မြင်မှုမျိုး မရတော့ပါဘူး။ သူ့ရဲ့အရက်စွဲလမ်းမှုပြဿနာကလည်း တစ်နေ့တခြားပိုဆိုးလာခဲ့ပြီး ကော်ဖီထဲတောင် ဗော့ဒ်ကာထည့်သောက်တဲ့အဆင့် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်မှာတော့ နီဗားဒါးပြည်နယ် လက်စ်ဗီးဂတ်စ်မြို့မှာ ကွယ်လွန်သွားခဲ့တာပါ။

ကွယ်လွန်ချိန်မှာတော့ အသက် ၇၃ နှစ် ရှိပါပြီ။ တချို့တွေက နှလုံးရပ် ကွယ်လွန်သွားတာလို့ ဆိုကြသလို တချို့တွေကလည်း ကျောက်ကပ်အစားထိုး ခွဲစိတ်မှုလုပ်ဖို့ စောင့်ဆိုင်းနေတုန်း ကျောက်ကပ်အလုပ်မလုပ်တော့ဘဲ ကွယ်လွန်သွားတာလို့ ဆိုကြပါတယ်။ ဆေးရုံမှာ ကွယ်လွန်တယ်လို့ ဆိုကြသလို အိမ်မှာပဲ ကွယ်လွန်ခဲ့တာလို့လည်း ဆိုကြပါတယ်။ သူ့ရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကတော့ မတူခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်မှာတော့ သူ့ဘဝအကြောင်း ရိုက်ကူးထားတဲ့ More Than Miyagi: The Pat Morita Story ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကား ထွက်ရှိခဲ့ပါတယ်။

Ref: 35 Heartbreaking Facts About Pat Morita, or Mr. Miyagi

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top