စူပါမန်းအဖြစ် ပြန်လာပြီလို့ တရားဝင်ကြေညာလိုက်တဲ့ ဟင်နရီ ကာဗေးလ်

25-10-2022-yyl-41.jpg

မင်းသားဟင်နရီ ကာဗေးလ်က စူပါဟီးရိုးဇာတ်ကောင်အဖြစ် ပြန်လာပြီဆိုတာကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ တရားဝင်အတည်ပြုပေးလိုက်ပါတယ်။ ဟင်နရီကာဗေးလ်က လက်ရှိရုံတင်ပြသနေတဲ့၊ The Rock ပါဝင်ထားတဲ့ Black Adam ရုပ်ရှင်ကားမှာ စူပါမန်းဇာတ်ကောင်နဲ့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ အဲဒီရုပ်ရှင်ကား ရုံတင်နေတဲ့အချိန်အတွင်း သူက ဗီဒီယိုနဲ့ အခုလိုကြေညာပေးခဲ့တာပါ။

“ဟေး…အားလုံးပဲ။ Black Adam ကို အားလုံး ကြည့်ဖို့ အခွင့်အရေးပေးချင်တဲ့အတွက် ဒါကိုမတင်ခင် ဒီတစ်ပတ်ကုန်အထိ စောင့်ပေးချင်ခဲ့တယ်။ ဒါပေမဲ့ အခု မစောင့်နိုင်တော့ဘဲ ကျွန်တော် စူပါမန်းအဖြစ် ပြန်လာတာကို တရားဝင်ကြေညာချင်တယ်။ ဒီပို့စ်မှာ တွေ့ရတဲ့ ပုံနဲ့ Black Adam မှာ စူပါမန်းဇာတ်ကောင်အဖြစ် မြင်ခဲ့ရတာက နောက်ထပ်လာဖို့ရှိတာတွေရဲ့အသေးအဖွဲ့အမြည်းလေးသာဖြစ်တယ်”လို့ သူက ဆိုပါတယ်။ အသက် ၃၉ နှစ်အရွယ် ကာဗေးလ်က စိတ်ရှည်စွာစောင့်ဆိုင်းပေးတဲ့အတွက်၊ သူ့ကို အားပေးတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ခဲ့တဲ့အပြင် အဲဒီအတွက် ထိုက်တန်တဲ့ဆုလာဘ်ကိုခံစားစေရမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

မကြာသေးခင်က Black Adam ပရိုဂျူဆာ ဟီရမ် ဂါဆီယာကလည်း ကာဗေးလ်ဟာ Black Adam နောက်ဆက်တွဲကားတွေမှာ The Rock နဲ့အတူ ဆက်လက်ပါဝင်မယ်လို့ ပြောကြားခဲ့ပါသေးတယ်။ နိုဝင်ဘာ ၄ ရက်နေ့ကျရင် ကာဗေးလ်ကို စူပါမန်းအနေနဲ့မဟုတ်ဘဲ Enola Holmes 2 ရုပ်ရှင်ကားမှာ ရှားလော့ခ်ဟုမ်းဇာတ်ကောင်အဖြစ် မြင်တွေ့ရဦးမှာပါ။

Ref: 8daysSingapore “Henry Cavill Makes His Return As Superman Instagram Official”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top