ဒေါ်လာ ၅၃ သန်းနဲ့ ရောင်းထွက်သွားခဲ့တဲ့ တင်းနစ်ဘောလုံးအရွယ်ရှိ စိန်တုံး

528185820.jpg

ရိုးရာလေး ပရိတ်သတ်တွေမှတ်မိဦးမလား မသိဘူး။ ဇူလိုင်လ ၂၀ ရက်တုန်းက “တင်းနစ်ဘောလုံးအရွယ်အစား ရှိနေလို့ တန်ဖိုးဖြတ်ရခက်နေတဲ့ ၁၁၀၉ ကာရက်စိန်” ဆိုတဲ့ သတင်းတစ်ပုဒ် တင်ဆက်ခဲ့ပါတယ်။ (မဖတ်ရသေးတဲ့ သူများ ဒီလင့်မှာ ဖတ်ရှုနိုင်ပါတယ်။)

အခုတော့ ဒီစိန်တုန်းဟာ ဒေါ်လာ ၅၃ သန်းနဲ့ လန်ဒန်ကကုန်သည်တစ်ယောက်ဆီကို ရောင်းထွက်သွားခဲ့ပါတယ်။ ဝယ်ယူသွားခဲ့သူဟာ Graff Diamonds ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူလော်ရန့် ဂရဖ် (Laurence Graff) ဖြစ်ပြီး မနှစ်က လေလံပွဲမှာကတည်းက ဝယ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ လေလံတင်ဈေးက မြင့်လွန်းခဲ့တဲ့အတွက် မဝယ်ယူခဲ့ဘဲ အခုမှ အရောင်းအဝယ်ဖြစ်သွားခဲ့တာပါ။

၁၁၀၉ ကာရက်ရှိတဲ့ ဒီစိန်တုန်းကို ကနေဒါနိုင်ငံ လူကာရာစိန်ကော်ပိုရေးရှင်းအဖွဲ့မှ (Canada’s Lucara Diamond Corp) တူးဖော်ရရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်က အာဖရိကတိုက် ဘောစဝါနာနိုင်ငံ (Botswana)၊ ကာရိုဝီ မိုင်းတွင်း(Karowe) မှ တူးဖော်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီစိန်တုံးရဲ့နာမည်ကတော့ လီဆဒီလာရိုနာ (Lesedi La Rona) လို့ခေါ်ပြီး ဘော့စဝါနာ ဘာသာစကားနဲ့ဆိုရင် ငါတို့အလင်းရောင် လို့အဓိပ္ပါယ်ရပါတယ်။ ဒီစိန်တုံးရဲ့သက်တမ်းက နှစ်ပေါင်း ၂.၅ ဘီလီယံ မှ ၃ ဘီလီယံရှိပြီး အရွယ်အစားကတော့ တင်းနစ်ဘောလုံးအရွယ်အစားခန့်ရှိပါတယ်။

ဒီ လီဆဒီလာရိုနာ စိန်တုံးဟာ အရွယ်အစားကြီးမားရုံသာမက ထူးခြားတဲ့အရည်အသွေးပါ ပိုင်ဆိုင်ထားတဲ့ စိန်တုံးဖြစ်ပြီး မစ္စတာဂရဖ်ကတော့ “ ဒီစိန်တုံးရဲ့ သက်တမ်းကို မူတည်ပြီး ကျွန်တော်တို့ စိန်တုံးကို ဘယ်လိုခွဲရမလဲဆိုတာ ဆုံးဖြတ်ရမှာပါ ” လို့ပြောဆိုခဲ့ပါတယ်။

Graff Diamonds ကုမ္ပဏီကတော့ ဒီစိန်တုံးကို ပထမဆုံး Scan ဖတ်သွားမှာ ဖြစ်ပြီး 3D နည်းပညာဖြင့် ပုံဖော်သွားပြီးမှ စိန်တုံးမှာပါဝင်တဲ့ အပြစ်အနာအဆာများကို ရှောင်ကာ ဘယ်လိုသွေးရမလဲဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် လီဆဒီလာရိုနာ စိန်တုံးမှ စိန်တုံးအသေးများကို အရင်ဖြတ်ထုတ်သွားမှာဖြစ်ပြီး ပြီးမှ စိန်တုံးအကြီးများကို ဖြတ်ထုတ်သွားမှာ ဖြစ်ပါတယ်။

လီဆဒီ လာရိုနာစိန်တုံးဟာ ဒီရာစုနှစ်အတွင်းမှာ တွေ့ရှိခဲ့တဲ့ အရည်အသွေးပြည့်မှီသော ကမ္ဘာ့အကြီးဆုံးစိန်တုံးဖြစ်ပြီး သမိုင်းတစ်လျှောက် ဒုတိယအကြီးဆုံး စိန်လည်း ဖြစ်ပါတယ်။ ကမ္ဘာအကြီးဆုံးစိန်တုံးကတော့ ၃၁၀၆ ကာရက်ရှိ ကူလင်နန် (Cullinan) စိန်တုံးဖြစ်ပြီး ၁၉၀၅ ခုနှစ်တုန်းက တောင်ဖရိကမှ တူးဖော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂရဖ်ကတော့ လီဆဒီ လာရိုနာစိန်တုံးက ကမ္ဘာ့တန်ဖိုးအရှိဆုံး စိန်ရိုင်းတုံးလို့ ခေါ်ခဲ့ပါတယ်။

စိန်တွေထဲမှာ ကမ္ဘာ့ဈေးအကြီးဆုံးစိန်ကတော့ ၅၉.၆ ကာရက်ရှိ ပန်းရောင်စိန်ဖြစ်ပြီး ၂၀၁၇ ဧပြီလတုန်းက ဒေါ်လာ ၇၁ သန်းနဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref : BBC News : Diamond-Lesedi La Rona sold for $53m to London Jeweller

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top