အင်တာဗျူးသွားဖြေတော့မယ် ဆိုရင်

2-6-2020-yyl-031.jpg

အလုပ်အကိုင်တစ်ခုရဖို့အတွက် ခက်ခဲလှတဲ့ ဒီခေတ်ကြီးထဲမှာ လစ်လပ်ရာထူးတစ်နေရာအတွက် အလုပ်လျှောက်လွှာတွေကို သူ့ထက်ငါ အပြိုင်အဆိုင် ပို့ကြရပါတယ်။

အလုပ်ရှင်တွေက လိုအပ်တဲ့ရာထူးနဲ့ ကိုက်ညီမယ့် အလုပ်လျှောက်လွှာအချို့ကို ရာနဲ့ချီတဲ့အလုပ်လျှောက်လွှာတွေထဲကနေ ဦးစွာပထမ ရွေးထုတ်ကြရပါတယ်။

အလုပ်ရှင်က အလုပ်လျှောက်လွှာများစွာထဲကမှ သင့်ရဲ့အလုပ်လျှောက်လွှာကို ရွေးချယ်လိုက်တယ်ဆိုရင် ဒါဟာ အလုပ်ရဖို့အတွက် ပထမတစ်ဆင့် အောင်မြင်ခြင်းပါ။ အင်တာဗျူးဖြေဖို့အတွက် သင့်ကို ဆက်သွယ်တယ်ဆိုရင်တော့ ဒုတိယအဆင့်အောင်မြင်တာပါပဲ။ အင်တာဗျူးသွားဖြေမယ့် ကိုကို၊မမတွေအတွက် အလုပ်ရှင်က တစ်ခါထဲ တန်းခန့်ချင်အောင် အပြုအမူအနေအထိုင်နဲ့ပတ်သတ်ပြီး ရှောင်သင့် ၊ဆောင်သင့်တဲ့ အချက်အလက်လေးတွေကို စုစည်းတင်ပြပေးလိုက်ချင်ပါတယ်။

အင်တာဗျူးသွားဖြေမယ့် ကုမ္ပဏီရဲ့ အကြောင်းကို လေ့လာပါ

ဘယ်ခုနှစ်ကစတင်တည်ထောင်တယ်၊ ဘာပစ္စည်းအမျိုးအစားတွေ အဓိကထားပြီး ဖန်တီးထုတ်လုပ်တယ် စသဖြင့် အင်တာဗျူးမဖြေခင် ကြိုတင်လေ့လာစုဆောင်းပြီးမှ သွားဖြေတာ သင့်အတွက် အများကြီး အထောက်အကူပြုစေမှာပါ။

လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ အထောက်အထားစာရွက်တွေကို လုံးဝမမေ့ပါစေနဲ့

စာရွက်စာတမ်းအားလုံးကို ဖိုင်တစ်ခုနဲ့ ဒါမှမဟုတ် ကလစ်နဲ့ သေချာချုပ်ပြီး အင်တာဗျူးခန်းမထဲကို ဝင်တဲ့အခါ ဂရုတစိုက် ယူဆောင်သွားသင့်ပါတယ်။ အခုလိုစနစ်တကျ ယူလာခြင်းကိုကြည့်ခြင်းအားဖြင့် အလုပ်ရှင်က သင့်ကို စေ့စပ်သေချာသူတစ်ယောက်အဖြစ် သတ်မှတ်စေနိုင်ပါတယ်။

သတ်မှတ်ထားတဲ့အချိန်ကို အတိအကျရောက်အောင်သွားပါ

အရမ်းစောလွန်းရင်လည်း အင်တာဗျူးခန်းထဲကို မဝင်ပါနဲ့။ သတ်မှတ်ချိန်ကျော်လွန်မှ မရောက်ဖြစ်အောင်လည်းဂရုစိုက်ပါ။ အကောင်းဆုံးကတော့ အင်တာဗျူးဖြေဆိုဖို့ ခေါ်ဆိုထားတဲ့အချိန်ထက် ၁ဝမိနစ်လောက် ကြိုတင်ရောက်ရှိနေတာပါပဲ။

အင်တာဗျူးအခန်းထဲကိုဝင်တာနဲ့ တစ်ပြိုက်နက် တန်းမထိုင်ပါနဲ့ခွင့်တောင်းပါ

ခွင့်ပြုချက်ရမှသာ ထိုင်ပါ။ ခွင့်တောင်းတတ်တဲ့ အမူအကျင့်ဟာ သင့်ရဲ့ ပင်ကိုယ်အရည်အချင်းကို အဆုံးအဖြတ်ပေးရာမှာ အမှတ်ပိုရရှိစေနိုင်ပါတယ်။

အဝတ်အစားဝတ်ဆင်မှုပိုင်းကို သတိထားရွေးချယ်ပါ

ယောင်္ကျားလေးဆိုရင် ရှပ်အကျီ၊ စပို့ရှပ်တို့ကို ဘောင်းဘီထဲ စနစ်တကျ ထည့်သွင်းဝတ်ဆင်သင့်ပြီး မိန်းကလေးဆိုရင်လည်း အတိုအပြတ်စကတ်တွေနဲ့ လည်ပင်းအဟိုက်တွေ ဝတ်ဆင်သွားတာကို ရှောင်ကြဉ်သင့်ပါတယ်။ သနပ်ခါးလိမ်းတာနဲ့ မိတ်ကပ်အလွန်အကျွံလိမ်းတာတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အင်တာဗျူးသူ မေးသမျှကို စိတ်လှုပ်ရှားမှုမရှိဘဲ စိတ်အေးအေးထားပြီး ပြန်ဖြေပါ

လက်တွေငြိမ်သက်မှုမရှိတာ၊ စကားပြောတဲ့အခါ အင်တာဗျူးသူကို မကြည့်ဘဲ တခြားတစ်နေရာကို ကြည့်ရှုနေတာတွေဟာ သင့်ကို ယုံကြည်မှုနည်းပါးသူတစ်ယောက်အဖြစ် မှတ်ယူသွားစေနိုင်ပါတယ်။

မေးသမျှကို အမှန်တိုင်းဖြေပေးပါ

အင်တာဗျူးသူတွေက အများအားဖြင့် အတွေ့ကြုံရှိသူများဖြစ်တဲ့အတွက် သင်မဟုတ်တာ၊ မမှန်တာပြောနေမှန်းကို ချက်ချင်းသိရှိနိုင်ပါတယ်။ ဒီအတွက်ကြောင့် မေးမြန်းသမျှကို ဟုတ်မှန်တဲ့အတိုင်းပဲ ဖြေလိုက်ပါ။

တချို့အလုပ်တွေက အင်တာဗျူးပြီး တစ်ခါတည်း အလုပ်ခန့်တတ်ကြပေမဲ့ တချို့ကတော့ ပထမအင်တာဗျူးပြီး နောက်ထပ်တစ်ကြိမ် အင်တာဗျူးဖြေဆိုဖို့ လိုတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အင်တာဗျူးဖြေလို့ပြီးသွားတဲ့အခါတိုင်း ကျေးဇူးတင်စကား မမေ့မလျော့ပြောကြားပါ။ တကယ်လို့ ဒုတိယမြောက်အင်တာဗျုးအတွက် ပြန်လည်ဆက်သွယ်ပါ့မယ်ဆိုရင်လည်း ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာတို့ကို မှန်အောင် ရေးသားပေးခဲ့ပါ။

အင်တာဗျူးအခန်းထဲကမထွက်ခင် သင်ရဲ့ စာရွက်စာတမ်းတွေ ၊ တစ်ရှုးစက္ကု(Tissue)တွေကို မမေ့မလျော့အောင် ဂရုတစိုက်ယူဆောင်ပြီးမှ အပြင်ထွက်ပါ။

အလုပ်အကိုင်ကောင်းတွေ ရရှိနိုင်ကြပါစေ။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top