အစိုးရ၊ ပြည်သူ လက်တွဲကူ မြို့တော်သန့်ရှင်းလှပရေး

15.6.2020.jpg

ဇွန်လမိုးရေစက်တွေနဲ့အတူ ၂၀၂၀ ပြည့်နှစ်ရဲ့ မိုးတွင်းကာလ ရောက်ရှိလာခဲ့ပါပြီ။ ( မြန်မာပြည်အလယ်ပိုင်း ဒေသတချို့မှာ တောင်သူဦးကြီးတွေက ထွန်ယက်စိုက်ပျိုးဖို့ ပြင်ဆင်နေကြပေမဲ့ မိုးမရွာသေးလို့ အခက်တွေ့နေပါတယ်)။ ရန်ကုန်မှာတော့ ဒီရက်ပိုင်း မိုးဆက်တိုက်ရွာနေလို့ နွေရာသီရဲ့ ပူပြင်းမှုတွေ လျှော့ပါးသက်သာသွားပေမဲ့ မိုးတွင်းကာလရောက်တိုင်း ကြုံနေတဲ့ အခက်အခဲတချို့ကတော့ တွေးပူရစမြဲပဲ။ မိုးတွင်းကာလမတိုင်ခင် ရေနုတ်မြောင်းတွေ ရှင်းလင်း၊ တူးဖော်လေ့ရှိပေမဲ့ ရေစီးရေလာ မကောင်းလို့ ရေလျှံတာတွေ ကြုံရပါတယ်။ လမ်းပေါ်ရေလျှံတာဟာ သွားရေးလာရေး အခက်အခဲဖြစ်စေရုံတင်မက အန္တရာယ်လည်း ရှိပါတယ်။ ဟိုအရင်တစ်နှစ်တုန်းက ရေလျှံနေတဲ့လမ်းပေါ် ဓာတ်ကြိုးပြတ်ကျလို့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ဖူးပါတယ်။

မိုးတွင်းကာလရောက်တိုင်း ရန်ကုန်မြို့မှာ ရေလျှံမှုတွေ ကြုံတွေ့ရတာကို အရင်းစစ်ကြည့်ရင် လူဦးရေ ထူထပ်လွန်းတာ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ၊ ရေးဆွဲထားတဲ့ မြို့ပြစနစ်နဲ့ လူဦးရေအချိုးအစား မကိုက်ညီတာ စတဲ့ အချက်တွေကို တွေ့ရပါတယ်။ ရန်ကုန်မြို့မှာ တစ်နေ့ကို စွန့်ပစ်အမှိုက် တန်ချိန် ၃၀ လောက် ထွက်ရှိပါတယ်။ လမ်းပေါ်ရေလျှံတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့တာဝန်လို့ လက်ညိုးထိုးကြလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာလည်း တာဝန်မကင်းပါဘူး။

ဘာကြောင့်လဲဆိုတော့ လမ်းတွေရေလျှံတဲ့အခါ အမှိုက်တွေပါ ပါလာတတ်တာ သတိထားမိကြမှာပါ။ ရေနုတ်မြောင်းတွေထဲကို အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်တဲ့အခါ အမှိုက်တွေပိတ်ပြီး ရေမစီးတော့လို့ လမ်းတွေပေါ် ရေလျှံလာတာပါ။ ရေစီးရေလာမကောင်းလို့ မြောင်းတွေပိတ်နေရင် ခြင်တွေ ပေါက်ဖွားပြီး ကလေးငယ်တွေအတွက် သွေးလွန်တုပ်ကွေး အန္တရာယ်ရှိပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့ ယင်တွေကတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒါကတော့ နောက်ဆက်တွဲ အန္တရာယ်တွေပါ။

ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက စည်းကမ်းရှိရှိနဲ့ ပူးပေါင်းပါဝင်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပတဲ့ မြို့ပြကို ဖန်တီးပုံဖော်နိုင်မှာပါ။ ပင်ပန်းဆင်းရဲကြီးစွာနဲ့ ခက်ခက်ခဲခဲ လုပ်ဆောင်စရာ မလိုပါဘူး။ အမှိုက် စွန့်ပစ်တဲ့အခါ စည်းကမ်းရှိရှိ စွန့်ပစ်ဖို့ပါပဲ။ နောက်တစ်ချက်ကတော့ အမှိုက်စို၊ အမှိုက်ခြောက်၊ ပြန်လည်အသုံးပြုနိုင်တဲ့အမှိုက်ဆိုပြီး သီးသန့်ခွဲခြား၊ စွန့်ပစ်ပေးမယ်ဆိုရင် စည်ပင်သာယာရေး ဝန်ထမ်းတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီရာရောက်ပါတယ်။

ရိုးရာလေးရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Clean Yangon ကလည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေ မြင်တွေ့တဲ့အခါ သတင်းပေးနိုင်မယ့် app တစ်ခုကို ရေးဆွဲနေပါတယ်။ အဲဒီ app ကတစ်ဆင့် သတင်းပေးလိုက်ရင် Clean Yangon အဖွဲ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရှင်းလင်းပေးသွားမှာပါ။ ဒါကတော့ မြို့တော်သန့်ရှင်းလှပစေလိုတဲ့ အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုပါ။ ကျွန်တော်တို့ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကလည်း တာဝန်သိစိတ်ရှိရှိနဲ့ အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ပြီး မြို့တော်သန့်ရှင်းလှပစေဖို့ ပူးပေါင်းပါဝင်ကြပါစို့လားဗျာ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top