ခွန်အားနှင့် ကြံ့ခိုင်မှုကို အလေးထားသည့် အဲအဲ

60109732_2265824403657695_2471508908661800960_n.jpg

ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အားကစားသမားတစ်ဦးချင်းစီတွင် မတူညီသောအားသာချက် ကိုယ်စီရှိကြသည်။ ၎င်းတို့သည် ထိုအားသာချက်ကိုအသုံးချကာ ကြိုးဝိုင်းအတွင်း မိမိတို့၏ပြိုင်ဘက်များကို အလဲထိုးအနိုင်ယူနိုင်ရန် ကြိုးစားကြသည်။ အချို့သောအားကစားသမားများသည် ကြံ့ခိုင်မှုနှင့် ခွန်အားပိုင်းတွင်အားသာချက်ရှိပြီး နည်းစနစ်ပိုင်းတွင် အားနည်းချက်ရှိတတ်သည်။ အချို့ နည်းစနစ်ကောင်းမွန်သည့် ကစားသမားများသည် ကြံ့ခိုင်မှုပိုင်းတွင် အားနည်းချက်ရှိတတ်ကြသည်။

ONE Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမယ်ဖြစ်လာရန်ကြိုးပမ်းနေသည့် ကရင်တိုင်းရင်းသူ အဲအဲကမူ ၎င်း၏ အားသာချက်မှာ ခွန်အားနှင့် ကြံခိုင်မှုတို့ဖြစ်ကြောင်း ဖွင့်ဟလိုက်သည်။

“ခက်ခဲကြမ်းတမ်းတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မယ်ဆိုရင် ခွန်အားရော၊ နည်းစနစ်ပိုင်းရော နှစ်ခုစလုံးမှာ အကောင်းဆုံးအနေအထားရှိနေဖို့လိုပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့လူဆိုတာ လောကကြီးမှာမရှိပါဘူး။ လူတိုင်းမှာ အားသာချက်ရှိသလို အားနည်းချက်ကိုယ်စီရှိတယ်” ဟု အဲအဲက ဆိုသည်။

“ကျွန်မရဲ့ အားသာချက်ကတော့ ခွန်အားပါ” ဟု ၎င်းက ဖွင့်ဟသည်။

အဲအဲသည် ငယ်စဉ်ကတည်းက ကိုယ်ခံပညာအားကစားနည်းများကို စိတ်ဝင်စားခဲ့ပြီး ဂျူဒို၊ မွေထိုင်း၊ ရိုးရာလက်ဝှေ့စသည့် ပြိုင်ပွဲများဖြင့် ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းလာခဲ့သူဖြစ်သည်။

“ကလေးဘဝ ဆော့ကစားကတည်းက ကျွန်မကိုယ်ကျွန်မ သတိထားမိတယ်။ ရွယ်တူကလေးတွေထဲမှာ
ကျွန်မက သူများထက် ခွန်အားပိုရှိတယ်။ ဂျူဒိုစကစားတဲ့အချိန်မှာလည်း ကျွန်မရဲ့မွေးရာပါ ခွန်အားကြီးမှုက အထောက်အကူဖြစ်ခဲ့တယ်” ဟု အဲအဲက ဆိုသည်။

အဲအဲသည် အသက် (၁၄) နှစ်အရွယ်ကတည်းက ကိုယ်ခံပညာအားကစားသမားဘဝကို ဂျူဒိုအားကစားနည်းဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ၎င်း၏ ခွန်အားနှင့်ကြံခိုင်မှုတို့ကြောင့် အချိန်တိုအတွင်း တိုင်းနှင့်ပြည်နယ်လက်ရွေးစင်တစ်ဦးအဖြစ် အောင်မြင်မှုရရှိလာခဲ့သည်။ ကိုယ်ခံပညာရပ်များကိုစိတ်ဝင်စားသည့်အဲအဲသည် နောက်ပိုင်းတွင် မွေထိုင်းနှင့် ရိုးရာလက်ဝှေ့ပညာရပ်များကိုပါ လေ့လာသင်ယူခဲ့ပြီး မွေထိုင်းနှင့် ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ်တွင် အဲအဲသည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို စိတ်ဝင်စားလာခဲ့သည်။

ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ONE Championship ပြိုင်ပွဲများကိုကြည့်ရှုခဲ့ရပြီးနောက် အဲအဲသည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားမယ်တစ်ဦးဖြစ်လာရန်အတွက် ဖိုးသော်၏ Team PT လေ့ကျင့်ရေးစင်တာတွင် စဉ်ဆက်မပြတ်လေ့ကျင့်ခဲ့သည်။ ထို့နောက် ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ Tiger Muay Thai တွင် တစ်လကြာ သွားရောက်လေ့ကျင့်ခဲ့သည်။

“ကိုယ်ခံပညာအားကစားနည်းတွေ အများကြီးလေ့ကျင့်ခဲ့ဖူးတဲ့အတွက် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ယုံကြည်ချက်ပိုရှိတယ်။ ဥပမာပြောရရင် ဂျူဒိုမှာအသုံးပြုခဲ့တဲ့နည်းစနစ်တွေက Mix Martial Arts အတွက် တကယ်အသုံးဝင်တယ်” ဟု အဲအဲက ဆိုသည်။

၎င်း၏ မွေးရာပါအားသာချက်ဖြစ်သော ခွန်အားကြီးမှုကို ဂျူဒိုအားကစားနည်းတွင်အသုံးပြုခဲ့ပြီး မွေထိုင်းနှင့် ရိုးရာလက်ဝှေ့အားကစားနည်းများမှ ရရှိလာသော ကိုယ်ခံပညာနည်းစနစ်များနှင့် ပေါင်းစပ်လိုက်သောအခါ အဲအဲသည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနည်းအတွက် အလားအလာအရှိဆုံးအားကစားသမားတစ်ဦးဖြစ်လာသည်။

“ခွန်အားကြီးတယ်ဆိုတာ ဘုရားကပေးတဲ့လက်ဆောင်ပါပဲ။ ဒါပေမဲ့ ဒီအရာကို ထိန်းသိမ်းထားနိုင်ဖို့လိုတယ်။ ဒီထက်ပိုပြည့်စုံအောင် လုပ်ရပါတယ်။ နည်းစနစ်ပိုင်းကိုတော့ ကျွန်မရဲ့ဆရာတွေက သင်ကြားပေးတယ်။ အားလပ်ရက်တွေမှာလည်း အင်တာနက်နဲ့ Youtube ကနေ Mix Martial Arts ပွဲတွေကြည့်ပြီး သူတို့ဆီက နည်းစနစ်တွေကို အမြင်နဲ့သင်ယူဖြစ်ပါတယ်” ဟု အဲအဲက ထပ်လောင်းပြောကြားခဲ့သည်။

ကရင်တိုင်းရင်းသူတစ်ဦးဖြစ်သည့် အဲအဲသည် မကြာမီအချိန်အတွင်း ၎င်း၏ ပထမဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံ ပရော်ဖက်ရှင်နယ်ပွဲစဉ်အတွက် အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေပြီး ပွဲဦးထွက်တွင် မြန်မာပရိသတ်အတွက် အလဲထိုးနိုင်ပွဲဆောင်ကျဉ်းနိုင်ရန် အစွမ်းကုန်ကြိုးစားလျက်ရှိသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top