“မွေးရာပါအမှတ်” ကြောင့် မျောက်လို့ စနောက်ခံခဲ့ရပေမဲ့ သူ့ထူးခြားတဲ့အသွင်အပြင်ကို ယုံကြည်ချက်အပြည့်နဲ့ လက်ခံခဲ့တဲ့ မိန်းကလေး

16.6.2023-yyl-13.jpg

ဘရာဇီးနိုင်ငံက ဘီယာထရစ်ဇ် ပက်လီဆဲ ဆိုတဲ့ မိန်းမလှလေးတစ်ဦးဟာ သူ့ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ဖုံးထားတဲ့ မွေးရာပါအမှတ်နဲ့ မွေးဖွားလာခဲ့တာပါ။ ဒီမွေးရာပါအမှတ်ကို ဖယ်ရှားဖို့ ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ နောက်ဆုံးတစ်ကြိမ် ခွဲစိတ်ကုသမှုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ထပ်ပြီးခွဲစိတ်ကုသမှုတွေမလုပ်တော့ဘဲ သူ့ရဲ့ထူးခြားတဲ့အသွင်အပြင်ကို အရှိတိုင်းလက်ခံလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက သူ့လိုပဲ အခြားသူတွေကို သူတို့ ဘယ်သူဘယ်ဝါဆိုတာကို လက်ခံယုံကြည်ပြီး သူတို့ရဲ့အသားအရေကို ယုံကြည်မှုရှိအောင် လှုံ့ဆော်ပေးနိုင်ဖို့ မျှော်လင့်နေတာပါ။

ငယ်ငယ်က သူ့ရဲ့မွေးရာပါအမှတ်ကြောင့် မျောက်လို့ စနောက်ခံခဲ့ရပေမဲ့ အသက် ၂၈ နှစ်အရွယ် ဘီယာထရစ်ဇ်က မျောက်တွေနဲ့ အခြားတိရစ္ဆာန်တွေကို နက်ရှိုင်းစွာ ချစ်မြတ်နိုးပါတယ်။ အခုဆို သူက သဘာဝတရားနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့အတွက် ဒီတိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ်အလုပ်လုပ်ဖို့ စိတ်ကူးနေပါတယ်။

ဘီယာထရစ်ဇ်က သူ့ရဲ့မွေးရာပါအမှတ်ကို နားလည်လက်ခံပေးတဲ့ သူ့ရဲ့ဘဝလက်တွဲဖော်ကိုလည်း ရှာတွေ့ခဲ့ပါတယ်။ သူ့ရဲ့ခင်ပွန်းက အသက် ၃၀ အရွယ် ဖယ်လ်လစ် ကိုရိုဘိုဖ်ဖြစ်ပြီး သူတို့အတူရှိခဲ့တာ ၉ နှစ်ရှိပါပြီ။ ၂၀၁၄ ခုနှစ်က ဘရာဇီးမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ တွေ့ခဲ့ကြတာပါ။ ဘီယာထရစ်ဇ်ရဲ့မွေးရာပါအမှတ်တွေက သူ့ခင်ပွန်းအတွက် ဘယ်တော့မှ ပြဿနာမဟုတ်ခဲ့ဘူး။ သူ့ခင်ပွန်းက သူ့ကို ချစ်မြတ်နိုးပြီး အဲ့ဒါတွေကို လက်ခံအားပေးပံ့ပိုးပေးခဲ့တယ်။

သူ့ကို တောက်လျှောက်ပံ့ပိုးအားပေးလာခဲ့တဲ့ သူ့မိသားစုကိုလည်း သူက ကျေးဇူးတင်ထားပါတယ်။ အခြားကလေးတွေနဲ့ ကွဲထွက်နေသလို မခံစားရအောင် သူ့မိသားစုကလုပ်ပေးခဲ့တယ်။ သူ လိုချင်တဲ့အဝတ်အစားကို လွတ်လပ်စွာ ဝတ်ခွင့်ပေးခဲ့တယ်။ မွေးရာပါအမှတ်တွေရှိနေတဲ့ သူရဲ့အသားအရေကို ဖုံးကွယ်ထားဖို့လည်း သူတို့ ဘယ်တော့မှ မတိုက်တွန်းခဲ့ဘူး။ သူတို့ရဲ့ခြွင်းချက်မရှိလက်ခံပေးမှုနဲ့ တိုက်တွန်းအားပေးမှုတွေက ဘီယာထရစ်ကို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်၊ သူ့ရဲ့ထူးခြားမှုကို လက်ခံလာအောင် အားပေးတဲ့ အခန်းကဏ္ဍမှာ အဓိကပါဝင်ခဲ့ပါတယ်။

Ref: I Was Called ’Monkey’ Because of My Birthmark, but I Stopped Surgeries and Found Love

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top