ဘော့စ်ဝါနာနိုင်ငံမှာ ၂ လအတွင်း ဆင် ၃၅၀ ကျော် သေဆုံးမှုအတွက် ဒွိဟဖြစ်နေ

3-7-2020-yyl-044.jpg

ပြီးခဲ့တဲ့ မေလနောက်ပိုင်း ဆင်အကောင်ရေ ရာနဲ့ချီ သေဆုံးနေတဲ့ မကြုံစဖူး နားလည်ရခက်တဲ့ဖြစ်ရပ်ကို ဘော့စ်ဝါနာနိုင်ငံက စုံစမ်းစစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ ၂ လအတွင်း ဘော့စ်ဝါနာနိုင်ငံ အိုကာဗန်ဂိုမြစ်ဝန်းဒေသမှာ ဆင်အသေကောင် ၃၅၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ဆင်တွေ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ ဘယ်သူမှ တပ်အပ်မပြောနိုင်ကြပါဘူး။ အာဖရိကတိုက်မှာရှိတဲ့ ဆင်အကောင်ရေ စုစုပေါင်းရဲ့ ၃ ပုံ၊ ၁ ပုံက ဘော့စ်ဝါနာနိုင်ငံမှာ ကျက်စားကြပါတယ်။

ဝေဟင်ကနေ ကြည့်ရှုမှုအရ အသက်အရွယ် အမျိုးမျိုးရှိတဲ့ဆင်တွေ သေဆုံးနေတာ တွေ့ရတယ်လို့ နယ်စည်းမခြားဆင်များအဖွဲ့က ပြောပါတယ်။ ဆင်သေကောင်တွေဟာ အစွယ်ဖြတ်ခံထားရခြင်းမရှိတဲ့အတွက် အမဲလိုက်ခံရတာမဟုတ်ဘူးလို့ ဘော့စ်ဝါနာအစိုးရက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘော့စ်ဝါနာနိုင်ငံမှာ ထောင့်သန်းနာကျလို့ အနည်းဆုံးဆင်အကောင်ရေ ၁၀၀ လောက် သေခဲ့ရပေမဲ့ ဒီဖြစ်ရပ်ကတော့ ထောင့်သန်းနာကျတာမဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံအခြေစိုက် အမျိုးသားဥယျာဉ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဒေါက်တာမက်ကန်းက ပြောပါတယ်။ ဆင်သေကောင်တွေရဲ့ နမူနာတွေကို ဓာတ်ခွဲစစ်ဆေးပေးဖို့ ကနေဒါ၊ တောင်အာဖရိကနဲ့ ဇင်ဘာဘွေနိုင်ငံတွေမှာရှိတဲ့ ဓာတ်ခွဲခန်းတွေကို တောင်းဆိုသွားမယ်လို့ ဘော့စ်ဝါနာအစိုးရက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top