အိန္ဒိယနိုင်ငံမှာ အသက် ၈၆ နှစ်အရွယ် အဘွားအို အဓမ္မပြုကျင့်ခံရ

10-9-2020-yyl-003.jpg

အသက် ၈၆ နှစ်အရွယ် အဘွားအိုတစ်ယောက် အဓမ္မပြုကျင့်ခံရတဲ့ဖြစ်ရပ်ကြောင့် အိန္ဒိယပြည်သူတွေ တုန်လှုပ်ချောက်ချားနေကြပြီး နယူးဒေလီမြို့ ရဲတပ်ဖွဲ့က အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ ” ပြီးခဲ့တဲ့တနင်္လာနေ့ညနေက အိမ်အပြင်ထွက်ပြီး နွားနို့လာပို့တဲ့သူကို စောင့်နေတုန်း အဘွားအိုအနားကို ကျူးလွန်သူက ကပ်လာခဲ့တာပါ။ နွားနို့ပို့နေကြလူ မလာသေးဘူးလို့ အဘွားအိုက သူ့ကို ပြောပြချိန်မှာ အဲဒီသူက နွားနို့ရမယ့်နေရာရှိတယ်လို့ အဘွားအိုကို ပြောခဲ့တာပါ”လို့ နယူးဒေလီမြို့ အမျိုးသမီးရေးရာကော်မရှင် အကြီးအကဲ ဆွာတီက ပြောပါတယ်။ အဲဒီနောက်မှာတော့ကျူးလွန်သူက အဘွားအိုကို အနီးနားလယ်ကွင်းထဲ ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့တာပါ။

” သူ့ကို ချမ်းသာပေးဖို့ အဘွားအိုက ငိုယိုတောင်းပန်ခဲ့ပါတယ်။ ငါက မင်းရဲ့အဘွားအရွယ်လောက် ရှိနေပါပြီလို့ အဘွားအိုက ပြောခဲ့ပေမဲ့ အဲဒီသူကတော့ တောင်းပန်နေတာကို ဂရုမစိုက်ဘဲ ရုန်းကန်၊ ခုခံနေတဲ့ အဘွားအိုကို အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ခဲ့တာပါ”လို့ ဆွာတီက ပြောပါတယ်။ အဲဒီနေရာကနေ ဖြတ်သန်းသွားလာကြတဲ့ ရွာသားတွေက အဘွားအို ငိုသံကြားလို့ သူ့ကို ကယ်တင်နိုင်ခဲ့သလို ကျူးလွန်ကိုလည်း ဖမ်းဆီးပြီး ရဲလက်အပ်နိုင်ခဲ့ပါတယ်။

အဘွားအိုမှာ မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပွန်းပဲ့ဒဏ်ရာတွေရခဲ့ပြီး မိန်းမကိုယ်ကလည်း သွေးထွက်နေတယ်လို့ ဆွာတီက ပြောပါတယ်။ ဒီဖြစ်ရပ်မှာ လူမဆန်ခဲ့တဲ့ ကျူးလွန်သူကို အမြန်ဆုံးရုံးတင်စစ်ဆေးပြီး ၆ လအတွင်း သေဒဏ်ချမှတ်ပေးဖို့ နယူးဒေလီမြို့ အထက်တရားရုံးချုပ် တရားသူကြီးနဲ့ ဒုတိယမြို့တော်ဝန်ကို ဆွာတီက တောင်းဆိုထားပါတယ်။

အိန္ဒိယနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အဓမ္မပြုကျင့်မှု သောင်းချီဖြစ်ပွားလေ့ရှိပြီး တချို့ဖြစ်ရပ်တွေကတော့ ကမ္ဘာ့နိုင်ငံတော်တော်များများအတွက် တုန်လှုပ်ချောက်ချားစရာဖြစ်ခဲ့ပါတယ်။ အမျိုးသားမှုခင်းမှတ်တမ်းဗျူရိုရဲ့ အချက်အလက်တွေအရ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ အဓမ္မပြုကျင့်မှု ၃၃၉၇၇ မှု ဖြစ်ပွားခဲ့လို့ ၁၅ မိနစ်ကြာရင် အဓမ္မပြုကျင့်မှု တစ်ကြိမ်ဖြစ်ပွားတဲ့နှုန်း ဖြစ်နေပါတယ်။ ဒါပေမဲ့ အဓမ္မပြုကျင့်မှု တော်တော်များများကို တိုင်ချက်မဖွင့်တာမျိုးရှိလို့ အမှန်တကယ် ဖြစ်ပွားတဲ့ အဓမ္မပြုကျင့်မှုအရေအတွက် ပိုများတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကိုဗစ်-၁၉ လူနာ အမျိုးသမီးတစ်ယောက်ကို ဆေးရုံလိုက်ပို့တဲ့ အရေးပေါ်လူနာတင်ကား မောင်းနှင်သူက လူနာကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း ကြံခင်းထဲမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

Ref: BBC ” India in shock over 86-year-old grandmother’s rape”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top