အမျိုးသမီးတစ်ဦးရဲ့ နားထဲမှာ ကိုးရက်ကြာ နေထိုင်ခဲ့တဲ့ ပိုးဟပ်

1525462392875.jpg

ကေတီဟော်လီ (Katie Holley) တစ်ယောက် သူမရဲ့ဘယ်ဘက်နားမှာ အေးခနဲ အရာတစ်ခု လျှောဆင်းသွားသလို ခံစားရပြီး လန့်နိုးလာခဲ့ပါတယ်။ကမန်းကတန်း ရေချိုးခန်းထဲပြေးသွားပြီး ဝါဂွမ်းနားကြပ်တံနဲ့ နားထဲကို ဖြေးဖြေးချင်း ကလော်လိုက်တဲ့ အချိန်မှာ တစ်ကောင်ကောင်က နားထဲကို နက်နက်နဲနဲ တိုးဝင်နေသလို ခံစားခဲ့ရပါတယ်။

နားကြပ်တံကို ပြန်ထုတ်လိုက်တဲ့အခါ ပိုးဟပ် ခြေထောက်လေးတွေလို အညိုရင့်ရောင် အပိုင်းသေးသေးလေးတွေ ကပ်ပါလာပါတယ်။

ကေတီတို့နေထိုင်ရာ ဖလော်ရီဒါလို ပူနွေးစွတ်စိုတဲ့ နေရာမှာ ပိုးဟပ်တွေ ပျော်မြူးကြပါတယ်။ ပိုးဟပ်နားထဲမဝင်ခင် တစ်ပတ်အလိုလောက်တုန်းက ပိုးသတ်ဆေးဖြန်းသမားတွေ ခေါ်ပြီး အိမ်ခန်းတွေထဲ လိုက်ရှင်းထားတာကြောင့် ပိုးဟပ်ရန်မှ ကင်းဝေးပြီလို့ ထင်ခဲ့ကြပါတယ်။

ပိုးဟပ်နားထဲဝင်တဲ့ မနက်က ကေတီရဲ့ ခင်ပွန်းဖြစ်သူက ရေချိုးခန်းထဲပြေးလာပြီး ဇနီးဖြစ်သူ နားထဲကို လက်နှိပ်ဓာတ်မီးထိုးကြည့်ပေးခဲ့ပါတယ်။ ပိုးဟပ်က နားအတွင်း အလယ်မှာ တစ်နေတာကို အပြင်ကမြင်နေရပါတယ်။ ဇာဂနာကို သုံးပြီး ခြေထောက်လေးတွေကို ဆွဲထုတ်ဖို့ကြိုးစားပေမဲ့ ပိုးဟပ်က အထဲကို ပြန်ဝင်သွားပါတယ်။

ဇနီးမောင်နှံနှစ်ဦးသား မိုင်အနည်းငယ်ဝေးတဲ့ ဆေးရုံက အရေးပေါ်အခန်းဆီ ကားမောင်းသွားခဲ့ပါတယ်။ ဆေးရုံရောက်တော့ သူနာပြုက ထုံဆေးရည်တစ်မျိုးကို နားထဲထည့်ပေးလိုက်လိုက်တဲ့အခါ နားထဲမှာ လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ ပိုးဟပ်က ခဏတစ်ဖြုတ် ငြိမ်ကျသွားခဲ့ပါတယ်။

ထုံဆေးမိထားတဲ့ ပိုးဟပ်ကို ဆွဲထုတ်ဖို့ ဆရာဝန်က စက္ကန့် ၂၀ ကြာခဲ့ပါတယ်။ ကေတီကတော့ သူရဲ့ နားထဲက ပိုးဟပ်တစ်ကောင်လုံး ထွက်သွားပြီထင်ပြီး ဆေးရုံကနေ နှစ်နာရီလောက်ကြာချိန်မှာ သောက်ဆေးနဲ့ နားထဲထည့်ဖို့ ဆေးရည် အညွှန်းစာရွက်ယူပြီး ဆေးရုံဆင်းလာခဲ့ပါတယ်။

ကိုးရက်ကြာတဲ့အခါ ကေတီရဲ့နားကပုံမှန်အတိုင်း မဟုတ်တာကို ပြန်ခံစားခဲ့ရပါတယ်။ သူမသမ်းဝေလိုက်တဲ့ အချိန်တိုင်း နားထဲမှာ သက်တောင့် သက်သာမရှိသလို ခံစားရပြီး နားထဲထည့်တဲ့ ဆေးရည်ကလည်း နားအတွင်းထဲထိ မကျသလို ခံစားရပါတယ်။ ဒါကလည်း နားထဲမှာ နားဖာချေးများတာကြောင့်လို့ သူထင်ခဲ့ပါတယ်။

ဆရာဝန်နဲ့ ပုံမှန် ဆေးပတ်ပြတဲ့နေ့ ရောက်လာတဲ့ အချိန်မှာ နားကို ပြန်စစ်ဆေးပေးဖို့ ဆရာဝန်ကို ကေတီက တောင်းဆိုခဲ့ပါတယ်။ နားထဲကို ကိရိယာတစ်ခုသုံးပြီး ဆွဲထုတ်လိုက်ချိန်မှာတော့ နောက်ထပ် ပိုးဟပ်ခြေတစ်ချောင်း ထပ်တွေ့ပြန်ပါပြီ။

ဆရာဝန်က ကေတီကို နား ၊ နားခေါင်း၊ လည်ချောင်း ဆရာဝန်နဲ့ သွားပြဖို့ နောက်တစ်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။ သူမရဲ့ စိတ်ထဲမှာ ပိုးဟပ်ခြေထောက် တစ်ချောင်း၊ နှစ်ချောင်းပဲ ဆွဲထုတ်ဖို့ ကျန်တော့တယ်လို့ ထင်ပေမယ့် တကယ်တမ်းမှာတော့ ပိုးဟပ်ခေါင်း၊ ကိုယ်ထည်၊ ခြေလက်အင်္ဂါတွေနဲ့ ဥမင်တို့ကို ဆွဲထုတ်ရရှိခဲ့ပါတယ်။

ကိုးရက်ကြာ နားထဲမှာရှိနေခဲ့တဲ့ ပိုးဟပ်ကိုထွက်သွားပြီလို့ ထင်မြင်အောင် ပြောခဲ့တဲ့ အရေးပေါ်ဌာနကလူတွေကို ကေတီတစ်ယောက် ဒေါသအကြီးအကျယ် ထွက်ခဲ့ပါတယ်။

ပိုးဟပ်ဆိုတာ လူတွေရဲ့ နားထဲမှာ တွင်းတူးပြီး နေနိုင်တယ်လို့ ဆိုကြပါတယ်။ တောင်အာဖရိကမှာဆို နှစ်နှစ်အတွင်းမှာ လူတွေရဲ့ နားကနေ ထုတ်ပေးရတဲ့ အကောင်သေးသေးလေးပေါင်း ၂ ဒါဇင်လောက်ရှိပါတယ်လို့ NationalGeographic ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ပိုးမွှားဗေဒပညာရှင်တွေရဲ့ အဆိုအရ ပိုးဟပ်တွေက နေရာအနှံ့မှာ အစာရှာကြသလို နဖာဂျီးကိုလည်း ကြိုက်ကြမယ့် ပုံပေါ်တယ်လို့ သိရပါတယ်။

Ref: INDEPENDENT “Cockroach removed from woman’s ear canal after nine days”

May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top