ရေညှိကနေ လောင်စာဆီထုတ်လုပ်မယ့် ဥရောပရဲ့ပထမဆုံး ဇီဝသန့်စင်စက်ရုံ

23-2-2022-yyl05.jpg

ရေညှိတွေကို လောင်စာဆီနဲ့ ကုန်ကြမ်းပစ္စည်းအဖြစ် အသွင်ပြောင်းပေးမယ့် ဥရောပရဲ့ ပထမဆုံး ဇီဝသန့်စင်စက်ရုံကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ပင်လယ်နက်ကမ်းခြေမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဇီဝ-စီးပွားရေး ဦးမော့လာစေဖို့ ရည်ရွယ်ပြီး လေအားလျှပ်စစ်ကို အသုံးပြုထားတဲ့ ဇီဝသန့်စင်စက်ရုံဟာ ရေညှိတွေကို လေယာဉ်လောင်စာဆီ၊ ကုန်ကြမ်းပစ္စည်း၊ ဖြည့်စွက်ပစ္စည်းနဲ့ ဓာတ်မြေသြဇာတွေအဖြစ် ပြောင်းလဲထုတ်လုပ်ပေးမှာဖြစ်ပြီး အဲဒီထွက်ကုန်တွေက ကာဗွန်အနုတ်ထွက်ကုန်တွေ ဖြစ်ပါတယ်။

ရေညှိတွေဟာ သစ်ပင်တွေလိုပဲ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူနိုင်စွမ်း ရှိပြီး သစ်ပင်တွေထက် များများ၊ မြန်မြန် စုပ်ယူနိုင်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်ချိန်မှာလည်း ရေညှိတွေထဲ သိုလှောင်ထားတဲ့ ကာဗွန်တွေက အပြင်ကို ထွက်ရှိမှာမဟုတ်ပါဘူး။ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ ထွက်ရှိတဲ့ ကာဗွန်ထက်စာရင် ရေညှိတွေထဲမှာ သိုလှောင်ထားတဲ့ ကာဗွန်ပမာဏက ပိုများလို့ အဲဒီထွက်ကုန်တွေကို ကာဗွန်အနုတ် ထုတ်ကုန်တွေလို့ သတ်မှတ်တာ ဖြစ်ပါတယ်။

Project INDEPENDENT အမည်ရ စီမံကိန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အဲဒီစီမံကိန်းကို တူရကီအစိုးရနဲ့ ဥရောပသဂမဂ္ဂက ပူးပေါင်းပြီး ရန်ပုံငွေပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဘိုဂါဇီစီတက္ကသိုလ်ရဲ့ ဆာရီတာပီကျောင်းဝန်းအတွင်း တည်ရှိတဲ့ ဇီဝသန့်စင်စက်ရုံဟာ တစ်နှစ်ကို ရေညှိတန်ချိန် ၁၂၀၀ အထိ ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်စွမ်း ရှိပါတယ်။

ရေညှိကနေ ထုတ်လုပ်တဲ့ လေယာဉ်လောင်စာဆီကို တွင်းထွက်လောင်စာဆီ ၅ – ၁၀ ရာခိုင်နှုန်းနဲ့ ရောစပ်ပြီး အခုနှစ်ကုန်ကစလို့ အစ္စတန်ဘူလ်ကနေ ထွက်ခွာမယ့် လေကြောင်းခရီးစဉ်တွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ အုန်းပင်တွေကို အမျိုး ၁၀၀၀ အသုံးပြုနိုင်တဲ့ အပင်တွေလို့ ခေါ်ကြသလို ရေညှိကလည်း အမျိုး ၁၀၀၀ အသုံးပြုနိုင်တဲ့ အပင်ဖြစ်ပါတယ်။ နွားနဲ့ သိုးတွေလို တိရစ္ဆာန်တွေဆီကနေ မီသိန်းဓာတ်ငွှေ့ ထုတ်လွှတ်မှု သက်သာလျော့ပါးစေဖို့အတွက် ရေညှိအသုံးပြုတဲ့ ဖြည့်စွက်စာတွေကို ဘရာဇီးနဲ့ သြစတြေးလျနိုင်ငံတွေမှာ စမ်းသပ်ထုတ်လုပ်နေပါတယ်။

ရေညှိဟာ ဖော့စဖောရက်နဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေကိုလည်း စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဖော့စဖောရက်နဲ့ နိုက်ထရိုဂျင်ဟာ စက်မှုအခြေပြု စိုက်ပျိုးရေးနည်းစနစ်တွေကြောင့် မြေတိုက်စားပြီး ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့တွေဖြစ်ပြီး ရေချိုနဲ့ ကမ်းရိုးတန်းရင်းမြစ်တွေကို ညစ်ညမ်းစေနိုင်ပါတယ်။

ဓာတုမြေသြဇာတွေ ထုတ်လုပ်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့အများအပြား ထွက်ရှိပါတယ်။ ကမာခွံလို အရာမျိုးကနေ မြေသြဇာ ထုတ်လုပ်လေ့ရှိပေမဲ့ ကမာခွံကလည်း နိုက်ထရိုဂျင်ဓာတ်ငွေ့များပါတယ်။ အဲဒီအစား ရေညှိကို အသုံးပြုပြီး ကာဗွန်အနုတ် ဇီဝသန့်စင်စက်ရုံမှာ မြေသြဇာထုတ်လုပ်မယ်ဆိုရင်တော့ စိုက်ပျိုးရေးကဏ္ဍအတွက် တော်လှန်ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်စေမှာပါ။

Ref: Goodnews “Carbon-Negative Plant Opens in Turkey Turning Algae Into Bio-Jet Fuel and So Much More”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top