Pre-Wedding ရိုက်နေရင်း ဘေရွတ်မြို့ပေါက်ကွဲမှုကို ကြုံတွေ့လိုက်တဲ့စုံတွဲ

6-8-2002-yyl-0138.jpg

အင်္ဂါနေ့က လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မြို့မှာ ဧရာမပေါက်ကွဲမှုကြီးကြောင့် လူ (၁၀၀) ကျော် သေဆုံးခဲ့တာကို စာဖတ်ပရိသတ်တွေလည်း သိပြီးလောက်ပါပြီ။ အဲဒီပေါက်ကွဲမှုကြီးက ဘေရွတ်မြို့တစ်မြို့လုံးကိုသာမက ပေါက်ကွဲမှုကို ဗီဒီယိုက မြင်တွေ့ရတဲ့ ကမ္ဘာတစ်ဝှမ်းက လူတိုင်းကိုလည်း တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်သွားမယ်လို့ မထင်မှတ်ထားတဲ့အချိန်မှာ လက်ဘနွန်နိုင်ငံသူ အစ္စရာ ဆီဘလာနီ (Israa Seblani)ဆိုတဲ့ အမျိုးသမီးတို့စုံတွဲကလည်း မင်္ဂလာဆောင်ဓာတ်ပုံတွေ ရိုက်ကူးနေခဲ့ပါတယ်။ သူတို့စုံတွဲကလည်း အဲဒီဖြစ်ရပ်ကြီးကို ကြုံတွေ့လိုက်ရတဲ့လူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ အစ္စရာတို့ မင်္ဂလာဓာတ်ပုံရိုက်ကူးနေတုန်း မြေပြင်က ရုတ်တရက်တုန်ခါလာပြီး အဆောက်အဦးတွေ ပြိုကျလာခဲ့ပါတယ်။

ဓာတ်ပုံဆရာ Mahmoud Nakib ရိုက်ကူးမိခဲ့တဲ့ ဗီဒီယိုမှာတော့ အစ္စရာ ဓာတ်ပုံရိုက်နေစဉ် ပေါက်ကွဲမှုကြီးဖြစ်သွားပြီး ဘေးကင်းရာနေရာကို ပြေးသွားတာကို မြင်တွေ့ရမှာပါ။ အစ္စရာက ကင်မရာရှေ့မှာ Pose ပေးပြီး ပြုံးပြနေပြီး ဓာတ်ပုံဆရာကလည်း သူ့ရဲ့အဖြူရောင်သတို့ သမီးဂါဝန်ကြီးကို ပြဖို့ အနီးကပ်စွဲယူရိုက်ကူးနေတာ ဖြစ်ပါတယ်။ သတို့သမီးကို ရိုက်ပေးနေတဲ့ ဗီဒီယိုမှာ ဘေရွတ်မြို့စတင်ပေါက်ကွဲခဲ့တဲ့အဖြစ်အပျက်ကို ရိုက်ထားမိခဲ့တာပါ။ အသိပေးခေါင်းလောင်းသံတွေ ထွက်လာတဲ့အတွက် အနီးနားအဆောက်အဦးတွေဆီ ပြေးသွားနေတဲ့ အစ္စရာတို့စုံတွဲနဲ့ အခြားသူတွေကိုလည်း ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ အစ္စရာတို့တွေကတော့ ပေါက်ကွဲမှုကြီးကို ကြုံတွေ့လိုက်ရပေမယ့် ဘေးအန္တရာယ်ကင်းခဲ့ပါတယ်။

ပေါက်ကွဲမှုကြီးပြီးသွားတော့ ဓာတ်ပုံဆရာက အပျက်အစီးတွေဖြစ်သွားတဲ့ နေရာတွေကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ဓာတ်ပုံဆရာက သူ့ကိုယ်သူရိုက်ပြပြီး “ကျွန်တော့်ကို ကြည့်လိုက်ပါ။ ကျွန်တော် တုန်ရီနေပြီ။ တကယ်..တကယ့်ကို အကြီးစားပေါက်ကွဲမှုပါပဲ။ ဆိုင်တွေအားလုံးရဲ့ မျက်နှာစာတွေလည်း ကြေမွနေပါပြီ။ တချို့လူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကျွန်တော်တို့ ဘာမှမဖြစ်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အရာရာတိုင်း ပျက်စီးသွားခဲ့တယ်”လို့ ပြောနေတာကို တွေ့ရမှာဖြစ်ပါတယ်။

အစ္စရာတို့ ဓာတ်ပုံရိုက်ကူးရေးလုပ်ခဲ့တဲ့နေရာက ပေါက်ကွဲမှုကြီးဖြစ်တဲ့နေရာနဲ့ (၁) ကီလိုမီတာလောက်ပဲ ကွာဝေးပါတယ်။ ဘေရွတ်မြို့ပေါက်ကွဲမှုကြီးက အနည်းဆုံး လူပေါင်း (၁၀၀) ကျော်ကို သေဆုံးစေခဲ့ပြီး လူ (၄၀၀၀) ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သိုလှောင်ရုံမှာ (၆) နှစ်လောက် သိုလှောင်ထားတဲ့ ပေါက်ကွဲနိုင်အားများတဲ့ပစ္စည်းတွေက ဒီပေါက်ကွဲမှုကို ဖြစ်စေတဲ့အကြောင်းအရင်းဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုလို ဘာကြောင့် ပေါက်ကွဲမှုဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းမှန်ကို သိရဖို့အတွက် စုံစမ်းစစ်ဆေးနေပါတယ်။

Ref: CURRENT AFFAIRSBeirut Explosion Wrecks Bride’s Pre-Wedding Photoshoot, Videographer Catches It On Film

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top