ရုရှား-ယူကရိန်းစစ်ပွဲအရှိန်မြှင့်လာတာနဲ့ ကမ္ဘာ့ရေနံဈေးတွေ မြှင့်တက်လာ အမေရိကန်စတော့ရှယ်ယာ ထိုးကျ

2-3-2022-yyl01.jpg

ရုရှားက ယူကရိန်းမှာ စစ်ပွဲအရှိန်မြှင့်လိုက်တဲ့အတွက် ကမ္ဘာ့ရေနံဈေးတွေမြှင့်တက်လာပြီး အမေရိကန်စတော့ရှယ်ယာတွေလည်း အင်္ဂါနေ့က ထိုးကျသွားခဲ့ပါတယ်။ ပဋိပက္ခက ကမ္ဘာ့စီးပွားရေးကို ဘယ်လိုအကျိုးသက်ရောက်စေလဲဆိုတာကို တိုင်းတာဖို့ ရင်းနှီးမြုပ်နှံသူတွေ ကြိုးပမ်းခဲ့တာကြောင့် စတော့ရှယ်ယာတွေ ကျသွားခဲ့ပါတယ်။ S&P 500 ရှယ်ယာဈေးကွက်အညွှန်းကိန်းက အကြမ်းဖျင်းအားဖြင့် ၆၈မှတ် (သို့မဟုတ်) ၁.၆ ရာခိုင်နှုန်း အပိတ်ဈေးတန်ဖိုး ၄၃၀၆ သို့ ထိုးကျခဲ့ပါတယ်။ Dow Jones Industrial Average က ၅၉၈ မှတ်နီးပါး (သို့မဟုတ်) ၁.၈ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ပြီး tech-heavy Nasdaq က ၁.၆ ရာခိုင်နှုန်း ထိုးကျခဲ့ပါတယ်။

ရေနံ၊ စိုက်ပျိုးရေးသုံး ကုန်ပစ္စည်းတွေနဲ့ အစိုးရငွေချေးစာချုပ်တွေအတွက် စျေးကွက်တွေမှာလည်း ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်ပေါ်လာပါတယ်။ ရုရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံးစွမ်းအင်ထုတ်လုပ်ပေးတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တာကြောင့် ရေနံက အဓိက စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ နောက်ဆုံးစျေးနှုန်း အတက်အကျက ကမ္ဘာတစ်ဝှမ်းရှိ အိမ်ထောင်စုတွေကို ခြိမ်းခြောက်နေတဲ့ ဆက်တိုက်မြင့်မားနေတဲ့ငွေကြေးဖောင်းပွမှုအပေါ် ဖိအားတွေ တိုးလာစေပါတယ်။

အမေရိကန်စံချိန်စံညွှန်းမီရေနံစိမ်းက တစ်စည်လျှင် ၈ ရာခိုင်နှုန်း ဒေါ်လာ ၁၀၃.၄၁ သို့ ခုန်တက်သွားပါတယ်။ ဒါက ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိသွားခဲ့တာပါ။ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ Brent ရေနံစိမ်းက ၇.၁ ရာခိုင်နှုန်း ဒေါ်လာ ၁၀၄.၉၇ သို့ မြှင့်တက်သွားခဲ့ပါတယ်။ ယူကရိန်းအရေးအခင်းက နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ဘုတ်အဖွဲ့ကို အစည်းအဝေးကျင်းပစေခဲ့ပြီး အဖွဲ့ဝင် ၃၁ နိုင်ငံစလုံးက ရေနံစည် သန်း ၆၀ ကို ထုတ်ပေးဖို့ သဘောတူခဲ့ကြပါတယ်။ သန်း ၆၀ ထဲကတစ်ဝက်က အမေရိကန်ရဲ့ Strategic Petroleum Reserve (SPR) ကနေထွက်လာမှာဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ ၂၀၂၁ခုနှစ် နိုဝင်ဘာလက SPR သို့ဝင်ရောက်ခဲ့ပြီး ကျေးဇူးတော်နေ့အားလပ်ရက်မတိုင်မီ အမေရိကန်စားသုံးသူတွေရင်ဆိုင်နေရတဲ့ဓာတ်ငွေ့စျေးနှုန်းမြင့်မားမှုကို လျှော့ချဖို့ အဲဒီအချိန်က ရေနံစည်ပေါင်း သန်း ၅၀ ကို ထုတ်ပေးခဲ့ပါတယ်။အမေရိကန်မှာ ရေနံကုန်ကျစရိတ် ​မြှင့်တက်လာတာက ပံ့စက်မှာ ဈေးနှုန်းမြင့်တက်လာစေပါတယ်။ AAA ရဲ့အဆိုအရ ဓာတ်ငွေ့တစ်ဂါလန်အတွက် ပျမ်းမျှနှုန်းက အခုအခါ ဒေါ်လာ ၃.၆၁ ဖြစ်ပြီး လွန်ခဲ့သောတစ်လကထက် ၂၆ ဆင့် တက်လာကာ လွန်ခဲ့တဲ့ တစ်နှစ်ထက် ၁ ဒေါ်လာနီးပါး တက်လာတယ်လို့ သိရပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှုက လယ်ယာထွက်ကုန်ဈေးနှုန်းတွေအပေါ်မှာလည်း ပိုမိုဖိအားပေးခဲ့ပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုနှင့်အတူ မြင့်တက်လာခဲ့ပါတယ်။ ဂျုံနဲ့ ပြောင်းဈေးတွေက ၈ ဂါလံဝင်ပုံးတစ်ပုံးကို ၅ ရာခိုင်နှုန်းကျော် ဈေးတက်လာပြီး အခုနှစ်မှာ ၂၀ ရာခိုင်နှုန်းကျော် တက်နေပါပြီ။ ယူကရိန်းက သီးနှံနှစ်မျိုးလုံးကို အဓိကတင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံသူတွေက ငွေတွေကို ငွေချေးစာချုပ်‌တွေမှာ ဆက်လက်ထားခဲ့ကြပါတယ်။ ၁၀ နှစ်ငွေတိုက်စာချုပ်အတိုးနှုန်းက တနင်္လာနေ့နောက်ပိုင်းမှာ ၁.၈၃ ရာခိုင်နှုန်းကနေ ၁.၇၂ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့ပါတယ်။ ၁၀ နှစ်ငွေတိုက်စာချုပ်ကို အပေါင်ခံခြင်းနှင့် အခြားချေးငွေအမျိုးအစားတွေအတွက် အတိုးနှုန်းသတ်မှတ်ဖို့အသုံးပြုပါတယ်။

ယူကရိန်းစစ်ပွဲက ကမ္ဘာ့ဈေးကွက်တွေကို တုန်လှုပ်စေခဲ့ပြီး ငွေကြေးဖောင်းပွမှုနဲ့ ဗဟိုဘဏ်ကနေ အတိုးနှုန်းမြှင့်တင်မယ့် အစီအစဉ်တွေကို ရင်ဆိုင်ရချိန်မှာ စီးပွားရေးတိုးတက်မှုအတွက် စိုးရိမ်မှုတွေတိုးလာစေခဲ့ပါတယ်။ ယူကရိန်းနိုင်ငံနဲ့ အဲဒါရဲ့အဓိကမြို့ကြီးတွေကို ဆက်လက်ဖိအားပေးနေတာကြောင့် အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေက ရုရှားရဲ့ဘဏ္ဍာရေးစနစ်အပေါ် သိသာထင်ရှားတဲ့ဖိအားတွေပေးနေခဲ့ပါတယ်။ ရုရှားနိုင်ငံက ဘဏ်အချို့ကို ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုစနစ်က ပိတ်ဆို့လိုက်ပြီးနောက် ရုရှားရူဘယ်တန်ဖိုးက တနင်္လာနေ့မှာ စံချိန်တင်အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပါတယ်။ တနင်္လာနေ့မှာလည်း အမေရိကန်ဘဏ္ဍာရေးဌာနက ရုရှားဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူမှုတွေ ထပ်မံကြေညာခဲ့ပါတယ်။

ရုရှားနိုင်ငံသားတွေလည်း စျေးနှုန်းမြှင့်မယ့်အလားအလာကို ရင်ဆိုင်နေရပြီး ရူဘယ်ကျဆင်းမှုကြောင့် ဘဏ်တွေနဲ့ ATM စက်​​တွေမှာ လူတွေ စုပြုံလာနေကြပါတယ်။ ATM မှာ ငွေထုတ်ဖို့ စောင့်ဆိုင်းနေတဲ့ လူအတန်းရှည်ကြီးဖြစ်ခဲ့တာကို လူမှုကွန်ယက်ပေါ်မှာ မြင်ခဲ့တဲ့အပြင် ATM မှာ ငွေကုန်သွားတာမျိုးလည်းဖြစ်ခဲ့ပါတယ်။ ရုရှားဗဟိုဘဏ်က ရူဘယ်တန်ဖိုးကျဆင်းမှုနဲ့ ဘဏ်တွေလည်ပတ်မှုကို ဟန့်တားဖို့ အပြင်းအထန်ကြိုးပမ်းရာမှာ အဓိကအတိုးနှုန်းကို ၉.၅ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။ ရုရှားရဲ့ စတော့ရှယ်ယာဈေးကွက်က အင်္ဂါနေ့မှာ ဆက်လက်ပိတ်ထားခဲ့ပါတယ်။

Ref: CBSNews “As Ukraine war rages, oil prices surge to highest level since 2014”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top