အီလွန်မက်စ်ရဲ့ကိုယ်ပိုင်ဂျက်လေယာဥ်ကို ခြေရာခံခဲ့တဲ့ ဆယ်ကျော်သက်က ရုရှားလူမျိုးအာဏာရှင်တွေကိုပစ်မှတ်ထားနေပြီ

1-3-2022-yyl01.jpg

အခုဆိုရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ အီလွန်မက်စ် (Elon Musk) ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို ခြေရာခံပြီးခရီးစဥ်တွေကို ပို့စ်တင်ခဲ့တဲ့အတွက် နာမည်ကြီးခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး ဂျက်ခ် ဆွီနေး (Jack Sweeney) ဟာ အခြားပစ်မှတ်တွေဆီ အာရုံစိုက်နေပါပြီ။ ဂျက်ခ်က အီလွန်မက်စ်ရဲ့ခရီးစဥ်တိုင်းကို ကမ္ဘာကြီးသိအောင်ပြောပြပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ပုဂ္ဂလိကဂျက်လေယာဉ်စီးပွားရေးလုပ်ငန်း Stratos Jet Chartersကလည်း သူတို့ရဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာ လုပ်ဖို့ ဂျက်ခ်ကို ကမ်းလှမ်းခဲ့ပါသေးတယ်။

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ခဲ့တဲ့နောက်မှာတော့ ရုရှားလူမျိုးအာဏာရှင် (Russian Oligarch) တွေပိုင်ဆိုင်တဲ့ လေယာဥ်တွေကို ပစ်မှတ်ထား စောင့်ကြည့်နေပါပြီ။ Oligarch ဆိုတာက အာဏာရှင်စနစ်အတွင်း အာဏာရှင်တွေဖြစ်ပြီး နိုင်ငံရေး (သို့) စီးပွားရေးအာဏာကို ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။ ဂျက်ခ်က သူ့ရဲ့တွစ်တာအကောင့် “Russian Oligarch Jets”ကို ပြီးခဲ့တဲ့ရက်သတ္တပတ်ကျော်က ဖွင့်ခဲ့ပြီး follower ၆၆၀၀၀ ကျော်ရှိနေပါပြီ။ အခု ဂျက်ခ်က ရုရှားလူမျိုးကိုယ်ပိုင်လေယာဥ်ပိုင်ရှင်တွေ ဘာလုပ်နေကြလဲဆိုတာကို ကမ္ဘာကြီးသိအောင် လုပ်ဆောင်နေပါတယ်။ အဲဒီရုရှားလူမျိုးတွေက မသိမ်းခံရဖို့အတွက် သူတို့ရဲ့အပျော်စီးသင်္ဘောတွေနဲ့ ကိုယ်ပိုင်ဂျက်လေယာဥ်တွေကို မြန်မြန်ဆန်ဆန် စတင်ရွှေ့ပြောင်းနေပြီလို့ CNBC က တင်ပြထားပါတယ်။

ဒါပေမဲ့ ဂျက်ခ်ရဲ့ကျေးဇူးကြောင့် ရုရှားသန်းကြွယ်သူဋ္ဌေးရိုမန် အေဘရာမိုဗစ်ချ် (Roman Abramovich) ပိုင်ဆိုင်တဲ့ ဂျက်လေယာဥ်တော်တော်များများကို ခြေရာခံထားပြီးသွားပါပြီ။ အခုအပတ်မှာ ရိုမန်က ​ကာရေဘီယံကို အလောတကြီး ခရီးထွက်သွားတာကိုလည်း ပြသနေပါတယ်။ အခြားရုရှားလူမျိုးအာဏာရှင်တွေရဲ့ဂျက်လေယာဥ်တွေကိုလည်း ခြေရာခံထားပါတယ်။ အခြားတွစ်တာအကောင့်တွေကလည်း ရုရှားလေကြောင်းနဲ့ ဂျက်လေယာဉ်တွေကို ခြေရာခံနေတယ်ဆိုတာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားမှာ လေယာဥ်ပျံသန်းမှုဒေတာတွေ အကန့်အသတ်ရှိတဲ့အတွက် ဒီခြေရာခံမှုတွေက တိကျမှုမရှိဘူးလို့ ဂျက်ခ်က သတိပေးခဲ့ပါတယ်။

“@PutinJetက အခု တိုက်ရိုက်ထုတ်လွှင့်နေပြီ။ VIP ရုရှားလေယာဉ် ဒါဇင်များစွာရှိပြီး ရုရှားက ADS-B သတင်းပေးပို့ချက်အများကြီးမရှိတဲ့အတွက် ဒါက အလွန်တိကျမယ်လို့ မမျှော်လင့်ပါနဲ့” လို့ ဂျက်ခ်က ရေးသားခဲ့ပါတယ်။

Ref: Ladbible “Teen Famous For Tracking Elon Musk Private Jet Is Now Targeting Russian Oligarchs”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top