မတန်မရာနှိုင်းယှဉ်ရာရောက်လို့ မိုဟာမက်အလီနဲ့ မခိုင်းနှိုင်းကြဖို့ ခါဘီ တောင်းဆို

16-9-2020-yyl-021.jpg

UFC လိုက်ဝိတ်ချန်ပီယံ ခါဘီနာမာဂိုမီဒေါ့ဗ်က သမိုင်းတစ်လျှောက် အကောင်းဆုံး လက်ဝှေ့သမားအဖြစ် သတ်မှတ်ခံထားရတဲ့ မိုဟာမက်အလီနဲ့ ခိုင်းနှိုင်းတာဟာ မတန်မရာ နှိုင်းယှဉ်ရာရောက်တယ်လို့ ပြောခဲ့ပြီး အဲဒီလို မနှိုင်းကြဖို့ တောင်းဆိုခဲ့ပါတယ်။ ရုရှားသိုင်းပေါင်းစုံ ကစားသမား ခါဘီဟာ ၂၈ ပွဲလုံး အနိုင်ရတဲ့ မှတ်တမ်း ပိုင်ဆိုင်ထားသူပါ။ အစ္စလာမ်ဘာသာကို ယုံကြည်သက်ဝင်တဲ့ ခါဘီဟာ သံဇကာဝိုင်းအပြင်ဘက်မှာ သူ့ရဲ့ဘာသာရေးယုံကြည်မှုကို ဖော်ပြလေ့ရှိပါတယ်။ မိုဟာမက်အလီကလည်း လက်ဝှေ့သမားဘဝမှာ သူ့ရဲ့ဘာသာရေးသက်ဝင်ယုံကြည်မှုကြောင့် အခက်တွေ့ခဲ့ရဖူးပါတယ်။

” ကျွန်တော့်ကို မိုဟာမက်အလီနဲ့ ခိုင်းနှိုင်းတာ မှားပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံးက ချန်ပီယံတွေ၊ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ ပြောနိုင်မှာပါ။ ကြိုးဝိုင်းအပြင်မှာ သူ လုပ်ခဲ့တာတွေ အားလုံးကို ကျွန်တော် မယှဉ်နိုင်ပါဘူး။ သူ ချန်ပီယံဖြစ်နေချိန်တုန်းက အမေရိကမှာ လူမည်းတွေကို ဆိုးဆိုးရွားရွား ပြုမူဆက်ဆံခဲ့လို့ သူ့အနေနဲ့ စားသောက်ဆိုင်တွေမှာတောင် စားခွင့် မရခဲ့ပါဘူး။ သူက ရွှေတံဆိပ်ကို လွှင့်ပစ်ခဲ့တယ်။ သူ့ရဲ့ လူမျိုးရေးအပေါ်ထားတဲ့ စိတ်သဘောထားကို အကြီးအကျယ် ပြောင်းလဲပစ်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့နှစ်ယောက် ယှဉ်လို့မရပါဘူး။ သူ့ကို ယှဉ်နိုင်ဖို့ဆိုရင် ကျွန်တော်က အဲဒီကာလကို ပြန်သွားပြီး လူမည်းဖြစ်မှ၊ ချန်ပီယံဖြစ်မှ ယှဉ်လို့ရမှာပါ” လို့ ခါဘီက ပြောခဲ့ပါတယ်။ မိုဟာမက်အလီဟာ ၂၀၁၆ ခုနှစ်က အသက် ၇၄ နှစ်အရွယ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ကွယ်လွန်သွားခဲ့တာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top