သာမန် ဗိုက်အောင့် ဗိုက်နာတာမျိုးမဟုတ်တဲ့ လက္ခဏာတွေ

40439213_341527983257837_2518528995142664192_n.jpg

သင်နဲ့မတည့်တဲ့ အစားအစာတစ်ခုကို စားမိလို့ ဖြစ်တာမျိုး မဟုတ်ဘဲ ဗိုက်အောင့်တာမျိုးက ပြင်းထန်ပြီး တစ်ခါတစ်လေ အကြာကြီး ဖြစ်နေတတ်ပါတယ်။ ဝမ်းဗိုက်ပိုင်းမှာ နာကျင်မှုဖြစ်တာ ဆိုးရွားလာပြီဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ ဘယ်လို အခြေအနေမျိုးတွေဆို ဘယ်လို ရောဂါ အခြေအနေမျိုး ဖြစ်နေနိုင်လဲဆိုတာ ရိုးရာလေး ပရိတ်သတ်တွေအတွက် ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်…။

ဝမ်းဗိုက်အောက်ပိုင်းက အရမ်းနာကျင်နေတယ်ဆိုရင်

ဝမ်းဗိုက်အောက်ပိုင်းမှာ ဓားနဲ့ထိုးထားသလိုမျိုး နာကျင်ပြီး ခေါင်းမူးတာ၊ အန်တာ၊ အဖျားနဲ့ ချမ်းတုန်တာတွေဖြစ်လာပြီဆိုရင် ကျောက်ကပ် ကျောက်တည်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။

ဝမ်းဗိုက်ရဲ့ ညာဘက်အောက်နားမှာ အပြင်းအထန်နာကျင်ပြီဆိုရင်

ဝမ်းဗိုက်အောက်နားမှာ ရုတ်တရက် နာကျင်ပြီး အဖျားလည်းရှိတယ်ဆိုရင် အူအတက်ပေါက်တာ ဖြစ်နိုင်ပါတယ်။ ချက်နားတစ်ဝိုက်ကလည်း မကြာခဏနာကျင်ပြီး ဝမ်းဗိုက်အောက်ပိုင်းကို ရွေ့သွားတယ်ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။ အန်ပြီး၊ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

နံရိုးအောက်နား ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်တယ်ဆိုရင်

နံရိုးအောက်နားက ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်ပြီး ကိုက်ခဲတယ် ဆိုရင်တော့ နှလုံးနဲ့ ဆက်နွယ်နေတဲ့ လက္ခဏာတစ်ခုပါပဲ။ အသက်ရှူမဝတာမျိုးကြောင့်လည်း ဒီလို နာကျင်ရတတ်ပါတယ်။ လူအတော်များများကတော့ ဒီလိုနာကျင်ရင် အစာမကြေတာကြောင့်လို့ ပြောတတ်ကြပါတယ်။ ပြင်းထန်လာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ဝမ်းဗိုက်ကြွက်သား နာကျင်ခြင်းနဲ့အတူ ဝမ်းလျှော ဒါမှမဟုတ် ဝမ်းချုပ်ခြင်း

ဝမ်းဗိုက်အောက်ပိုင်း ကြွက်သား နာကျင်ပြီးတော့ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာဟာ အူသိမ်အူမနဲ့ဆိုင်တဲ့ ရောဂါလက္ခဏာ တစ်ခု ဖြစ်ပါတယ်။ ဒီ ရောဂါလက္ခဏာဟာ ဘယ် အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ အသက် ၅၀ နှစ် အောက်အရွယ်တွေမှာ အများဆုံး ဖြစ်နိုင်ပါတယ်။

လေတက်တဲ့အခါ ဗိုက်နာခြင်း

အသက်ကြီးတဲ့လူနာတွေမှာ ခေါင်းမူးပြီး လေတက်တာနဲ့အတူ ကြွက်သားအလယ်ပိုင်းတွေ နာကျင်တယ်ဆိုရင် နှလုံးရောဂါ ဖောက်ချင်တာ ဖြစ်နိုင်ပါတယ်။ နောက်ကျောနာကျင်မှုနဲ့အတူ အန်ပြီး အသက်ရှူမဝခြင်းဟာ အရေးပေါ်ကို ပြေးသင့်ပြီဆိုတဲ့ လက္ခဏာတွေပါ။

အစာအိမ်အောင့်ခြင်း

အထူးသဖြင့် အစာအိမ်နာရောဂါ ရှိဖူးတဲ့လူတွေ ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေ အများကြီး သောက်ဖူးတဲ့သူတွေအနေနဲ့ ကြွက်သားအလယ်ပိုင်းတွေ ရုတ်တရက် နာကျင်တယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အပေါက်ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။

ဝမ်းဗိုက်ဘယ်ဘက်အောက်ပိုင်းနာကျင်တယ်ဆိုရင်

ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အောက်ပိုင်းနာကျင်ပြီး လှုပ်ရှားလိုက်တိုင်းလည်း ပိုပိုဆိုးနေတယ်ဆိုရင် အူလမ်းကြောင်းမှာ ပိတ်ဆို့ပြီး ရောင်ရမ်းနေတာမျိုး ဖြစ်နိုင်ပါတယ်။

Ref: www.womansday.com “Dangerous signs your stomach pain isn’t normal”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top