Tweetလေးနှစ်ခုကြောင့် အလုပ်ဖြုတ်ခံလိုက်ရတဲ့ Guardians of the Galaxy ဒါရိုက်တာ ဂျိမ်းစ်ဂန်း

james-gunn-guardians-spinoff.jpg

တော်တော်ဝမ်းနည်းစရာကောင်းတဲ့ သတင်းလေးပါပဲ။ အထူးသဖြင့် Guardians of the Galaxy ဇာတ်ကားချစ်သူတွေအတွက်ပေါ့။ ဒစ်စနေ (Disney)ကုမ္ပဏီက ဂျိမ်းစ်ဂန်း (James Gunn)ကို အရင်ကသူတင်ခဲ့တဲ့ tweet စာသားလေးနှစ်ခုကြောင့် အခုအသစ်ရိုက်ကူးမယ့် Guardians of the Galaxy Vol. 3 မှာ ဒါရိုက်တာလုပ်ခွင့် ရုပ်သိမ်းလိုက်ပါတယ်။ ဝေဖန်တိုက်ခိုက်တဲ့ပို့စ်တွေ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန်လည်ပျံ့နှံ့လာပြီးနောက်မှာ ကုမ္ပဏီက ဒီလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ်ဂန်းဟာ အရင်တုန်းက ကလေးသူငယ်တွေကို လိင်စိတ်တိမ်းညွှတ်ဖောက်ပြန်တဲ့ရောဂါ (Paedophilia) နဲ့ အဓမ္မကျင့်မှု (Rape case)တွေအကြောင်းကို ဟာသလုပ်ပြီး tweet နှစ်စောင်တင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ သူတင်မိခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ဝေါ့ဒစ်စနေစတူဒီယို (Walt Disney Studios)ရဲ့ ဥက္ကဌတစ်ဦးဖြစ်သူ အယ်လန်ဟွန်း (Alan Horn)ကတော့ သောကြာနေ့က ကြေငြာချက်ထုတ်ခဲ့ပါတယ်။ သူ့ကြေငြာချက်ထဲမှာ ဂျိမ်းစ်ရဲ့tweetတွေအပေါ် ပြန်လည်ဝေဖန်တိုက်ခိုက်ချက်တွေဟာ မဖယ်ရှားနိုင်လောက်အောင်ပါပဲလို့ ဖော်ပြထားပါတယ်။ “ဒီအကြောင်းအရာတွေက ကျွန်တော်တို့စတူဒီယိုနဲ့ မဆီလျော်ပါဘူး။ ဒါကြောင့် ဂျိမ်းစ်နဲ့စီးပွားရေးဆိုင်ရာပတ်သက်မှုကို ညှာတာဖို့လည်း အကြောင်းမရှိပါဘူး”လို့ သူကဆိုပါတယ်။

ဂျိမ်းစ်ဟာ Guardians of the Galaxy ပထမနှစ်ကားကို စီစဉ်ရိုက်ကူးခဲ့သူဖြစ်ကာ ဒီဇာတ်ကားနှစ်ကားကနေ အမြတ်အစွန်းအများကြီး ရှာပေးနိုင်ခဲ့သူဖြစ်ပြီး Marvel ရဲ့ franchise တွေပေါ်မှာလည်း အလုပ်လုပ်ပေးခဲ့သူဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဂျိမ်းစ်ဟာ ပြန်လည်တောင်းပန်ခဲ့ပေမယ့် ကလေးသူငယ်တွေအတွက် အဓိကထားတဲ့ဇာတ်ကားတွေ အများစုထုတ်လုပ်နေတဲ့ ဒစ်စနေအတွက်တော့ ဒါဟာပြစ်ချက်ကြီးတစ်ခု ဖြစ်နေခဲ့ပုံပါပဲ။ ဒီစာသားတွေတင်ခဲ့တဲ့ ဟိုးအရင်နှစ်တွေတုန်းက ဂျိမ်းစ်နဲ့ အခုဂျိမ်းစ်ဟာ အရမ်းအရမ်းကို ကွဲပြားတဲ့နှစ်ယောက်ဖြစ်နေပါပြီလို့ သူကပြောပါတယ်။ သူ့ရဲ့အပြုအမူကြောင့် ထိခိုက်ခဲ့ရတဲ့သူတွေအားလုံးကိုကော သူပြောခဲ့တဲ့စကားလုံးတစ်လုံးချင်းစီအတွက် တောင်းပန်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ် ပြန်လည်ပျံ့နှံ့လာတဲ့ပို့စ်တွေနဲ့ ပတ်သက်လို့ ဂျိမ်းစ်ကိုဝေဖန်ကြသူတွေလည်း အများအပြားရှိပါတယ်။ ဂျိမ်းစ်ဟာ ကိစ္စရပ်တစ်ခုအပေါ် စိတ်ထဲရှိတဲ့အတိုင်း ထုတ်ဖော်ပြောကြားတတ်သူဖြစ်ပြီး ဒေါ်နယ်ထရန့်ကိုလည်း ပေါ်တင်ဝေဖန်ခဲ့ဖူးပါသေးတယ်။ ဆက်လက်ရိုက်ကူးမယ့် Guardians of the Galaxy Vol.3 ရဲ့ ဒါရိုက်တာကို ဘယ်သူ့ကိုရွေးချယ်မယ်ဆိုတာတော့ အခုထိ မသိရသေးပါဘူး။ Guardians of the Galaxy ချစ်သူတွေကတော့ သူတို့ချစ်တဲ့ဒါရိုက်တာကြီးအတွက် ခံပြင်းနေကြသလို တစ်ဘက်မှာလည်း ဒစ်စနေက ဆုံးဖြတ်ချက်ကို မပြင်တော့တဲ့ပုံပါပဲ။

Ref: BBC “Guardians of the Galaxy director James Gunn fired”

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top