အတားအဆီးတွေဖြတ်ကျော်ရတဲ့ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ကျောရိုးမသန်စွမ်းအမျိုးသမီး

ra1.jpg

အသက် (၃၄) နှစ်အရွယ် မစ်စ်တီ ဒီရက်ဇ် (Misty Diaz) ဆိုတဲ့အမျိုးသမီးက မီတာ (၄၀၀) အတားအဆီးဖြတ်ကျော်ပြိုင်ပွဲကို စိုးရိမ်ပူပန်ခြင်းမရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူအားလုံးနည်းတူ အတားအဆီး (၂၀၀) ကျော်ကို ဖြတ်ကျော်ပြနိုင်ခဲ့ပါတယ်။

ဒီရက်ဇ်က ပြင်းထန်တဲ့ မွေးရာပါကျောရိုးအမြှေးကျွံရောဂါရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဆရာဝန်တွေကတောင် သူ့ကို ဘယ်တော့မှလမ်းလျှောက်လို့မရတော့ဘူးလို့ ထင်ခဲ့ပါတယ်။ အသက် (၂၀) အရွယ်မှာ ခွဲစိတ်ကုသမှု (၂၈) ကြိမ် ပြုလုပ်ခဲ့ခြင်းကနေရလာတဲ့နာကျင်မှုတွေ၊ ခြေကုန်လက်ပန်းကျမှုတွေက သူ့ကိုစိတ်ဓာတ်ကျစေခဲ့သလို အကိုက်အခဲပျောက်ဆေးတွေကိုလည်း မသောက်ဘဲနေလို့မရအောင်ဖြစ်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဒီရက်ဇ်ဟာ လမ်းလျှောက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီး အရင်က သူလုပ်နိုင်မယ်လို့မထင်ခဲ့ဖူးတဲ့အရာကိုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ သူရဲ့အိမ်ရှေ့က စာတိုက်ပုံးဆီလမ်းလျှောက်တာနဲ့စတင်ခဲ့ပြီး အဲဒီနောက် အတားအဆီး၊ အပိတ်အဆို့တွေရှိတဲ့နေရာဝန်းကျင်မှာ လမ်းလျှောက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်အစောပိုင်းမှာ သူဟာ (၅) ကီလိုမီတာရှိတဲ့အပြေးပြိုင်ပွဲကို စပြိုင်ဖြစ်ခဲ့ပါတယ်။ (၅) ကီလိုမီတာကျော်တဲ့ပြိုင်ပွဲတွေဝင်ပြိုင်ဖို့ ယုံကြည်ချက်ရှိလာခဲ့ပြီး ဝိုင်ယာကြိုးအောက်ကနေ တွားသွားတာ၊ နံရံပေါ်တတ်တာတွေပါဝင်တဲ့ အတားအဆီးတွေနဲ့ ပြိုင်ပွဲတွေကို ပြိုင်ချင်လာခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာမနက်ခင်းမှာတော့ သူဟာ အတားအဆီး ၂၀၀ကျော်ပါဝင်တဲ့ Red Bull 400 ပြိုင်ပွဲအတွက် ပထမဆုံးအတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒီရက်ဇ်အတွက် ပြိုင်ပွဲတွေနဲ့ အတားအဆီးတွေက ညှိနှိုင်းလို့မရပါဘူး။ သူဟာ ပုံမှန်အားကစားသမားတွေလိုပဲ သူရဲ့သတ္တိ၊ခွန်အားတွေနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။ နှင်းလျှောစီးတဲ့ပြိုင်ပွဲမှာ သူဟာ သူရဲ့လက်မောင်းတွေကိုသာအသုံးပြုပြီး သူရဲ့ခန္ဓာကိုယ်ကို ဆွဲယူကာ သူ တက်နိုင်သလောက် ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ သူယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေက မရပ်မနားယှဉ်ပြိုင်ရတာတွေချည်းဖြစ်ပါတယ်။

အခုဆိုရင် သူ့ကို အားပေးတဲ့အမာခံပရိသတ်တွေရှိနေပြီး သူဟာ သူ့ရဲ့ယှဉ်ပြိုင်ခြင်းက အခြားသူတွေကို စေ့ဆော်စေနိုင်ဖို့ မျှော်လင့်နေပါတယ်။ စာဖတ်ပရိသတ်တွေအနေနဲ့လည်း ဘဝကို လက်လျော့အရှုံးမပေးဘဲ သတ္တိ၊ ခွန်အားတွေနဲ့ ကြိုးစားခဲ့တဲ့ မွေးရာပါကျောရိုးအမြှေးကျွံရောဂါရှင်အားကစားမယ်ရဲ့ စိတ်ဓာတ်ကို အတုယူပြီး စိတ်ခွန်အားတွေရနိုင်ကြပါစေ။

Ref: Crushing it with crutches, athlete with spina bifida takes on extreme racing
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top