ခြေကျင်ခရီးသွားများ အတွက် တည်ဆောက်ပေးထားတဲ့ ကမ္ဘာ့အရှည်ဆုံး ကြိုးတံတား ဆွစ်ဇာလန်တွင် ဖွင့်လှစ်

1501488870_RANDA_17.jpg

အရှည် ၄၉၄ မီတာ (ပေ ၁၆၂၉) ရှည်လျားပြီး ၈၆ မီတာ (၂၈၂ ပေ) မြင့်မားတဲ့ ကမ္ဘာ့အရှည်ဆုံး ကြိုးတံတားကို ဆွစ်တောင်တန်းအနီး ဆွစ်ဇာလန်နိုင်ငံ ဗာလာရပ်စ်နယ်မြေ (Valais) ရန်ဒါ (Randa) မြို့အနီးတွင် ဖွင့်လှစ်ခဲ့ပါတယ်။

ဒီတံတားကို ချားလ်စ်ကိုနမ် ကြိုးတံတား (Charles Kuonen Suspension Bridge) လို့အမည်ပေးထားပြီး မီတာ ၁၆၀၀ နဲ့ ၂၂၀၀ မီတာအမြင့်ရှိတဲ့ တောင်နှစ်လုံးကြား တည်ဆောက်ထားတာဖြစ်ပါတယ်။ ခြေကျင်ခရီးသွားတွေဟာ တံတားကို  ဖြတ်ကူးရင်း ဆွစ်ဇာလန်နိုင်ငံအမြင့်ဆုံးတောင်တန်းများရဲ့ အလှအပများကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။

တံတားမတည်ဆောက်ခင်က တောင်နှစ်လုံးကြား ဖြတ်သွားရတဲ့ ခရီးဟာ ၄ နာရီကြာမြင့်ပြီး ယခုကြိုးတံတားတည်ဆောက်ခဲ့တဲ့အခါမှာတော့ ခရီးစဉ်ဟာ ၁၀  မိနစ်သာ ကြာမြင့်ပါတော့တယ်။ ချားလ်စ် ကိုနမ် ကြိုးတံတားဟာ မနှစ်က တရုတ်နိုင်ငံ ဟူနန်ပြည်နယ်(Hunan province) မှာ ဖွင့်လှစ်ခဲ့တဲ့ မီတာ ၄၃၀ ရှိ ဖန်သားတံတားရဲ့ အရှည်ကို ကျော်ဖြတ်ခဲ့ပါတယ်။

နိုင်ငံအများအပြားမှာ ရှုခင်းများကို အမြင့်မှ ကြည့်ရှုခံစားနိုင်စေရန် တံတား၊ အဆောက်အဦးများကို တည်ဆောက်နေကြပြီး မနှစ်ကလည်း ဒူဘိုင်းဟာ အထပ် ၈၀ မြင့်တဲ့ မိုးမျှော်တိုက် မှာ တည်ဆောက်မယ့် လျှောက်လမ်း အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်မှာဆိုရင် အမြင့်နေရာမှ ရှုခင်းများကို ခံစားလိုသူများဟာ ၇၈ ထပ်အမြင့်ရှိ ထမင်းစားခန်းမှာ ညစာ သုံးဆောင်နိုင်မှာဖြစ်ပြီး မြေကြီးမှ ပေ ၁၀၀၀ ခန့်မြင့်တဲ့ ဝရန်တာမှာ လေညှင်းခံနိုင်ဦးမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ လောစ်အင်ဂျလိစ် မြို့မှာလည်း ၇၃ ထပ်အမြင့်ရှိတဲ့ US Bank Tower တွင် ဖန်သားလျှောစောက်တစ်ခု ထည့်သွင်းဆောက်လုပ်ထားပြီး လျှောစောက် စီးချင်တဲ့သူတွေဟာ ၄၅ ပေရှည်လျားတဲ့ လျှောစောက်စီးရင်း မြို့ရဲ့ အလှအပကို ပေ ၁၀၀၀ အထက်မှ ကြည့်ရှုခံစားနိုင်စေရန် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Ref : Telegraph : The world’s longest pedestrian suspension bridge has opened in Switzerland

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top