တောင်ကိုရီးယားက ကျည်အစစ်တွေသုံးပြီး စစ်ရေးလေ့ကျင့်နေချိန်မှာ ကိုရီးယား နယ်စပ်နားကနေ မြောက်ကိုရီးယားစစ်လေယာဉ်တွေ ပျံသန်း

14-10-2022-yyl-07.jpg

တောင်ကိုရီးယားနိုင်ငံက ကျည်အစစ်တွေသုံးပြီး စစ်ရေးလေ့ကျင့်မှု လုပ်နေချိန်မှာ မြောက်ကိုရီးယားစစ်လေယာဉ်တွေက ကိုရီးယားနယ်စပ်နား ချဉ်းကပ်ပျံသန်းခဲ့လို့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့ ည ၁၀ နာရီခွဲအချိန်ကနေ သောကြာနေ့ နံနက် ၁၂ နာရီ ၂၀ မိနစ်ကြားမှာ မြောက်ကိုရီးယားစစ်လေယာဉ်တစ်စင်းက နှစ်နိုင်ငံကြားမှာရှိတဲ့ မပျံသန်းရဇုန်အနီးကို ချဉ်းကပ်ပျံသန်းခဲ့တာလို့ တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားစစ်လေယာဉ်ဟာ ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားတဲ့ စစ်ရေးကင်းမဲ့ဇုန်အလယ်က ပိုင်းခြားမျဉ်းရဲ့မြောက်ဘက် ၁၂ ကီလိုမီတာအကွာကနေ ချဉ်းကပ်ပျံသန်းခဲ့ပါတယ်။

အဲဒီနောက် နာရီပိုင်းအကြာမှာ မြောက်ကိုရီးယားစစ်တပ်က ယခုနှစ်အတွင်း ၂၇ စင်းမြောက် ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံက F-35 လေယာဉ်တွေအပါအဝင် တိုက်လေယာဉ်တွေကို ရုတ်ခြည်းပျံတက်စေခဲ့ပါတယ်။

ကိုရီးယားနယ်စပ်အနီးမှာ တောင်ကိုရီးယားစစ်တပ်က ကျည်အစစ်တွေသုံးပြီး ၁၀ နာရီကြာ စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို လုပ်ခဲ့တာလို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

Ref: North Korea flies warplanes near border as tensions with South escalate

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top