ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးခဲ့တဲ့သခင်ကို ဆေးရုံမှာ (၃) လကြာတဲ့အထိ စောင့်ဆိုင်းနေခဲ့တဲ့ ခွေးလေး

26-5-2020-yyl-014.jpg

ခွေးတွေက လူသားတွေရဲ့အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းဆိုတာကို လူတိုင်းသိကြပါတယ်။ ခွေးတွေက အခြားတိရစ္ဆာန်တွေနဲ့ ယှဉ်ရင် သခင်တွေအပေါ် အရမ်းသစ္စာရှိကြပါတယ်။ ခွေးတွေက သခင်တွေကို အဖော်ပြုပေးတာ၊ သခင်တွေရဲ့လုံခြုံရေးကို စောင့်ကြည်ပေးတာ၊ နောက်ဆုံးထွက်သက်အထိ သစ္စာရှိရှိနေပေးတဲ့ မရေတွက်နိုင်လောက်တဲ့ ဇာတ်လမ်းတွေရှိပါတယ်။ အခုလည်း တရုတ်နိုင်ငံက ခွေးလေးက ခွေးတွေ ဘယ်လောက် သစ္စာရှိလဲဆိုတာကို ထပ်ပြီး သက်သေပြလိုက်ပြန်ပါပြီ။ ရှောင်ပေါင်ဆိုတဲ့ခွေးလေးက ကိုရိုနာဗိုင်းရပ်စ်နဲ့ သခင်သေဆုံးသွားတာကို မသိဘဲ ဆေးရုံမှာ (၃) လကြာအောင် စောင့်ဆိုင်းခဲ့တာပါ။

သစ္စာရှိခွေးလေးရဲ့သခင်က ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရတာကြောင့် ဖေဖော်ဝါရီလက ဝူဟန်မြို့ရဲ့Taikang Hospital မှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ဆေးရုံတက်ပြီးတဲ့နောက် (၅) ရက်အကြာမှာ သခင်က သေဆုံးသွားခဲ့ပါတယ်။ ရှောင်ပေါင်က သခင်သေဆုံးသွားတာကို မသိဘဲ ဆေးရုံရဲ့ဧည့်ခန်းမမှာ သူ့သခင်ကို စောင့်ဆိုင်းနေခဲ့တယ်လို့ ဆေးရုံသန့်ရှင်းရေးဆီက သိရပါတယ်။ အဲဒီအချိန်အတောအတွင်းမှာ ဝန်ထမ်းတွေက ဧပြီ ၁၃ရက်နေ့က ဝူဟန်မြို့မှာ တားမြစ်ပိတ်ပင်မှုတွေတိုးမမြှင့်ခင်ထိ ရှောင်ပေါင်ကို အစာကျွေးမွေးခဲ့ပြီး အဲဒီနောက်မှာ ဆေးရုံရဲ့စူပါမားကတ်ဆိုင်ပိုင်ရှင်က ရှောင်ပေါင်ကို စောင့်ရှောက်ပေးခဲ့ပါတယ်။

“ကျွန်မ ဧပြီလမှာဆိုင်ပြန်ဖွင့်တော့ ခွေးလေးကို သတိပြုမိခဲ့ပါတယ်။ သူ့ကို ရှောင်ပေါင်လို့ခေါ်ခဲ့ပါတယ်။ သူ့ကို ကျွန်မပေးထားတဲ့နာမည်ပါ။ ရှောင်ပေါင်ရဲ့သခင်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ခဲ့ရပြီး အဲဒီနောက်မှာ သေဆုံးသွားခဲ့တယ်လို့ သူတို့က ကျွန်မကို ပြောပါတယ်။ ဒါပေမဲ့ ရှောင်ပေါင်က မသိဘဲ သခင်ကို ဆေးရုံမှာ လိုက်ရှာရင်း စောင့်ဆိုင်းနေခဲ့ပါတယ်။ သူက ဆေးရုံကနေ ထွက်မသွားခဲ့ပါဘူး။ ဒါက စိတ်မကောင်းစရာပါပဲ။ အရမ်းသစ္စာရှိတာပဲ။ ကျွန်မ ခွေးလေးနဲ့ ရင်းနှီးသွားတဲ့အတွက် ဆိုင်ကို ခေါ်လာခဲ့ပါတယ်။ မနက်တိုင်း ကျွန်မ ဆိုင်ဖွင့်တဲ့အခါ အဲဒီမှာ ကျွန်မကို စောင့်ပါတယ်။ ညနေစောင်းရင် ကျွန်မပြန်သွားတာကို သူသိပါတယ်”လို့ ဆိုင်ရှင်က ပြောပါတယ်။

ရှောင်ပေါင်က ဆေးရုံကနေ ထွက်သွားဖို့ငြင်းပြီး သူ့ကို ဆေးရုံနဲ့ ဝေးတဲ့တစ်နေရာမှာ ချထားခဲ့ရင်တောင် သူက ဆေးရုံကို ပြန်လာပြီး သူ့သခင်ကို စောင့်ဆိုင်းနေဦးမှာပါလို့ ဆိုင်ရှင်က ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ရှောင်ပေါင် ဆေးရုံမှာ ရှိနေတာနဲ့ပတ်သက်ပြီး အပြစ်တင်ပြောဆိုတာတွေရှိခဲ့ပြီးနောက် ဆေးရုံဝန်ထမ်းတွေကို Wuhan Small Animal Protection Associationနဲ့ဆက်သွယ်ဖို့ တွန်းအားပေးခဲ့ကြပါတယ်။ အခုဆိုရင် သူ့ကို မွေးစားမယ့်သူတွေရှာဖို့အတွက် ရှောင်ပေါင်ကို တိရစ္ဆာန်စောင့်ရှောက်ရေးဂေယာက ဆရာဝန်တွေက ကုသပေးနေပြီး လိုအပ်တဲ့ကာကွယ်ဆေးတွေလည်း ထိုးပေးထားပါတယ်။ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားစေခဲ့တယ်လို့ယုံကြည်ထားကြတဲ့ ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ (၃၀၀၀) ကျော်ရှိခဲ့ပါတယ်။

Ref: Loyal dog waited at hospital for three months after owner died from coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top