မိန်းမဖြစ်သူက ကွာရှင်းခွင့်တောင်းလို့ စိတ်ဆိုးဒေါသထွက်ပြီး ကိုယ့်အိမ်ကိုယ် မြေတူးစက်နဲ့ ပြန်လည်ဖြိုဖျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
၂၀၂၆ ခုနှစ် မေလနှောင်းပိုင်းက ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာခရိုင် (Butler County) မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၄၈ နှစ်အရွယ် အမျိုးသား အဲရစ်ပီယာ့ဇာဟာ တစ်ညလုံး အရက်သောက်ပြီး အိမ်ပြန်လာချိန်မှာ ဇနီးနဲ့ စကားများပြီး ဇနီးသည်က “ကျွန်မတို့ အိမ်ထောင်ရေး ပြီးဆုံးပြီ၊ ကွာရှင်းကြတာပေါ့” လို့ ပြောခဲ့ပါတယ်။
အဲဒီစကားကို ကြားပြီးတဲ့နောက် ပီယာ့ဇာက “တကယ်လို့ အားလုံးပြီးဆုံးသွားပြီဆိုရင် ဒီအိမ်ကို ငါဖြိုပစ်မယ်” လို့ ပြန်လည်အော်ဟစ်ခဲ့ပါတယ်။ သူဟာ ချက်ချင်းပဲ အိမ်အပြင် ထွက်သွားပြီး Kubota အမျိုးအစား မြေတူးစက်ပေါ်တက်ကာ အိမ်နောက်ဖေးဘက်ကို ဖြိုချဖျက်စီးခဲ့ပါတယ်။
ပီယာ့ဇာက အိမ်ဖြိုနေချိန်မှာ ဇနီးနဲ့ သမီးငယ်နှစ်ယောက်လုံး အိမ်ထဲမှာ ရှိနေပေမဲ့ ကံကောင်းထောက်မစွာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းမရှိပါဘူး။
အိမ်အနောက်ဘက်ခြမ်းတစ်ခုလုံး ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး အိမ်တစ်အိမ်လုံး ပြိုလဲလုနီးပါး ဖြစ်ပြီးနောက်မှာတော့ ပီယာ့ဇာက သူ့အဝတ်အစားအချို့ကို အိတ်ထဲထည့်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့ပြီး ဘေးအန္တရာယ်ကြီးမားစွာ ဖြစ်စေမှု၊ လူ့အသက်ကို အန္တရာယ်ပြုမှု စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။
Ref: Man destroys home with excavator after wife says marriage is over, police say
NZ (ရိုးရာလေး)

