ရေခဲသေတ္တာတစ်လုံး ကျောပိုးပြီး ဗြိတိန်ရဲ့အမြင့်ဆုံး တောင်ထိပ်များကို ၂၄ နာရီအတွင်း တက်ရောက်ခဲ့သူ

4.5.2023-yyl-11.jpg

ဗြိတိန်အမျိုးသားတစ်ဦးဟာ ရေခဲသေတ္တာတစ်လုံးကို ကျောပိုးပြီး အင်္ဂလန်၊ စကော့တလန်နဲ့ ဝေးလ်နိုင်ငံတွေမှာရှိတဲ့ အမြင့်ဆုံးတောင်ထိပ် ၃ ခုကို ၂၄ နာရီအတွင်း အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ စစ်သည်ဟောင်းတစ်ဦးဖြစ်တဲ့ မိုက်ကယ်ကော့လန်းဟာ ပြီးခဲ့တဲ့စနေနေ့ နံနက် ၆ နာရီ ၅၄ မိနစ်အချိန်က စကော့တလန်နိုင်ငံ ဘင်နီဗစ်တောင်ထိပ်ကို စတင်တက်ရောက်ခဲ့ပြီး အင်္ဂလန်နိုင်ငံ စကာဖဲလ်ပိုက်တောင်ထိပ်ကို ထပ်မံတက်ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဝေးလ်နိုင်ငံမှာရှိတဲ့ စနိုဒန်တောင်ထိပ်ကို တက်ရောက်ခဲ့ပြီး ၂၄ နာရီမပြည့်ခင် ၁၀ မိနစ်အလိုမှာ စိန်ခေါ်မှု အောင်မြင်ခဲ့ပါတယ်။

” ရေခဲသေတ္တာဟာ ကျွန်တော်တို့အားလုံး ထမ်းပိုးထားရတဲ့ စိတ်ကျန်းမာရေးကို ကိုယ်စားပြုပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အတွေးခေါင်သူတစ်ယောက်ပါ။ ငါက အစွမ်းမဲ့သူလို့ အမြဲတွေးဖြစ်တယ်။ အခုလက်ရှိထက် ပိုလုပ်နိုင်အောင်လည်း အမြဲဆန္ဒရှိသူပါ။ ရာသီဥတု အခြေအနေ၊ တစ်နာရီ မိုင် ၃၀၊ ၄၀ နှုန်းတိုက်ခတ်နေတဲ့ လေတိုက်နှုန်း အစရှိတာတွေကြောင့် ဒီစိန်ခေါ်မှုက ရုပ်ရှင်ဇာတ်ကားတစ်ခုလိုပါပဲ” လို့ မိုက်ကယ်ကော့လန်းက ပြောပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိတဲ့ မိုက်ကယ်ကော့လန်းဟာ ဒုတိယသမီးငယ် မွေးဖွားပြီးနောက် စစ်တပ်ထဲကနေ ထွက်ခဲ့သူပါ။ သူဟာ ကြံ့ခိုင်သန်စွမ်းနေစေဖို့အတွက် Gym ကို သွားလေ့ရှိပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ Gym တွေ ပိတ်လိုက်တာကြောင့် ဝါသနာပြောင်းပြီး တောင်တက် အားကစားကို လိုက်စားဖြစ်ခဲ့တာပါ။

သူဟာ စိတ်ကျန်းမာရေးပရဟိတအဖွဲ့ Mind အတွက် ရန်ပုံငွေ တိုးမြှင့်ရရှိစေဖို့ ရည်ရွယ်ပြီး အခုလို စိန်ခေါ်မှုမျိုး လုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref: Man Summits Highest Peaks of England, Scotland and Wales with Fridge on his Back For Mental Health–WATCH

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top