တိဘက်ဒေသနဲ့ နီပေါနိုင်ငံနယ်စပ် ဟိမဝန္တာတောင်တန်းဒေသမှာ သြဂုတ်လ ၂၆ ရက် နံနက်အစောပိုင်းက ရုတ်တရက် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုကြောင့် လူ ၁၆၀ ကျော် သေဆုံးပြီး နိုင်ငံခြားသားတွေအပါအဝင် လူ ၁၃၀၀ ကျော် ပျောက်ဆုံးလျက် ရှိပါတယ်။
တိဘက်ဒေသဘက်အခြမ်းမှာ ပြင်းအား ၄.၄ မဂ္ဂနီကျူ့စ်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဟိမဝန္တာတောင်တန်းပေါ်မှ ရေခဲမြစ်တစ်စင်း ပြိုကျခဲ့တာကြောင့် ဘိုတေကိုရှီ(Bhote Koshi) မြစ်ကို ပိတ်ဆို့သွားစေခဲ့ပါတယ်။ ဘိုတေကိုရှီမြစ်ဟာ ရေကန်ကြီးတစ်ခုလို ဖြစ်သွားခဲ့ပြီး ရေတွေက မြစ်အောက်ဘက်ပိုင်းဒေသကို အရှိန်အဟုန်ပြင်းပြင်း လျှံကျခဲ့တာပါ။

နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရ နီပေါနိုင်ငံဘက်ခြမ်းမှာ နိုင်ငံခြားသား ၅၀၀ နီးပါးအပါအဝင် လူ ၈၂၆ ဦး၊ တိဘက်ဒေသမှာ နိုင်ငံခြားသား ၂၆၀ ဦး အပါအဝင် လူ ၅၅၈ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ တိဘက်ဒေသရှိ ကိုင်လာရှ် (Kailash Mansarovar) ဘုရားဖူးခရီးစဉ်ကို လာရောက်ကြတဲ့ အမေရိကန်၊ အိန္ဒိယ၊ မလေးရှား၊ ဗြိတိန် အစရှိတဲ့ နိုင်ငံပေါင်းစုံမှ ခရီးသွား ၅၀၀ ကျော် ပါဝင်နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပူတပြင်း ဆောင်ရွက်လျက် ရှိပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ အိမ်တွေ၊ ကားတွေအပြင် တံတားကြီးတစ်စင်းပါ ရေစီးနဲ့အတူ မျောပါလာတာ တွေ့ရပါတယ်။ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ရွာလုံးကျွတ် ရေဖုံးလွှမ်းခံခဲ့ရတာလို့ သိရပါတယ်။
နီပေါနိုင်ငံဘက်ခြမ်းမှာတော့ ရေလွှမ်းမိုးမှုဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ ဒေသတွေမှာ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး စားနပ်ရိက္ခာ၊ ရွက်ဖျင်တဲနဲ့ အခြား အရေးပေါ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖြန့်ဝေပေးလျက် ရှိပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နီပေါစစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင် ၅၀၀၀ ကျော် ပါဝင်လျက် ရှိပါတယ်။
Ref: More than 1,300 missing after deadly floodwaters wipe out villages on Nepal-China border
NZ (ရိုးရာလေး)

