ရီးရဲလ်အသင်းက ရော်နယ်ဒို Ballon d’Or ဆုမရအောင် လုပ်ခဲ့တယ်လို့ ချီလီနီ စွပ်စွဲ

yyl-010-2.jpg

ပြီးခဲ့တဲ့နှစ်မှာ ရီးရဲလ်အသင်းက Ballon d’Or ဆုကို ရော်နယ်ဒို မရအောင် လုပ်ခဲ့တယ်လို့ ဂျူဗင်တပ်နောက်ခံလူ ချီလီနီက စွပ်စွဲခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်ကနေ ဂျူဗင်တပ်ကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ၂၀၁၈ ခုနှစ်အတွက် ပေးအပ်တဲ့ Ballon d’Or ဆုကို ရီးရဲလ်ကွင်းလယ်လူ မိုဒရစ် ဆွတ်ခူးခဲ့ပြီး ရော်နယ်ဒိုက ဒုတိယနေရာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ၂၀၁၉ ခုနှစ်အတွက် ပေးအပ်တဲ့ Ballon d’Or ဆုကိုတော့ မက်ဆီကတော့ ဆွတ်ခူးခဲ့ပါတယ်။ မက်ဆီဟာ ဒီဆုကို (၆)ကြိမ်မြောက် ဆွတ်ခူးတာဖြစ်ပြီး ရော်နယ်ဒိုထက် တစ်ကြိမ်ပိုများခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ Ballon d’Or ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိဘဲ မီလန်မြို့မှာ ကျင်းပတဲ့ Gran Gala ဆုပေးပွဲမှာ စီးရီးအေတစ်နှစ်တာ အကောင်းဆုံးကစားသမားဆု လက်ခံရယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရီးရဲလ်အသင်းက သူတို့အသင်းရဲ့ လက်ရှိကစားသမားပဲ ဆုရအောင် ကြိုးပမ်းခဲ့တယ်လို့ ချီလီနီက ဆိုပါတယ်။

”ဒီနှစ်မှာတော့ Ballon d’Or ဆုကို မက်ဆီ ဆွတ်ခူးခဲ့ပါတယ်။ အမှန်တကယ် ဆုခိုးယူခဲ့တာက မနှစ်ကပါ။ ရီးရဲလ်က Ballon d’Or ဆုကို ရော်နယ်ဒို မရသင့်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ တော်တော်ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ပါ။ ရော်နယ်ဒိုက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့သူပါ။ ဒါပေမဲ့ အဲဒီအယူအဆတိုင်းဆိုရင် ဒီနှစ်အတွက် Ballon d’Or ဆုကို ဗန်ဒိုက်ဂျ် ရသင့်တာပေါ့။ အဲဒီလိုဆိုရင် ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ ဂရစ်ဇ်မန်း၊ ပေါ့ဘာ၊ အမ်ဘာပေတို့လည်း မနှစ်တုန်းက ဆုရသင့်တာပေါ့။ မိုဒရစ် ရသွားတာ အဓိပ္ပာယ်မရှိပါဘူး”လို့ ချီလီနီက ပြောပါတယ်။ ဒါပေမဲ့ မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိလို့ ဒီနှစ်မှာတော့ ဆန်ခါတင် ၃၀ ဦးစာရင်းတောင် မဝင်ခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top