ရဲယို နဲ့ ကျန်းမာရေး

27-3-2020-yyl-010.jpg

အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက်မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရစေတာပါ။ အခုတစ်ခေါက်လည်း အစားအစာတစ်ခုဖြစ်တဲ့ ရဲယိုရဲ့ အကြောင်းပြောပြပါမယ်။ ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊ ငါးနဲ့ရောပြီး စင်းကောချက်တာမျိုးစားလို့ရသလို ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ရပါတယ်။ ရဲယိုပင်ကတစ်ပင်လုံးနီးပါးဆေးဖက်ဝင်တာပါ။

ရဲယိုက ဘယ်လိုများဆေးဖက်ဝင်တာလဲ

ရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူ းတော်တော်လေးများပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်တော်တဲ့ ဓါတ်စာတစ်ခုပေါ့။ ရဲယိုပင်ကဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ပစိဖိတ်ကျွန်းတွေ၊ အရှေ့တောင်အာရှ၊ သြစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတို့မှာပေါက်ရောက်ကြပါတယ်။ အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။ ရှေးယခင်ကာလတွေကတည်းက အရေပြားအတွက် ဆေးအဖြစ်အသုံးပြုခဲ့ကြပါတယ်။ အသီးနဲ့ အရွက်တင်မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါသေးတယ်။

ပါဝင်တဲ့အာဟာရဓါတ်တွေ

ရဲယိုရွက်၊ ရဲယိုသီးတို့မှာ ပရိုတင်း၊ အမျှင်ဓါတ်၊ အဆီဓါတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက်ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်နေပါသေးတယ်။ အစာလည်းဆေး၊ဆေးလည်း အစာလို့ပြောလို့ရအောင်ကို အာဟာရဓါတ်တွေကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ အဝင်တော့နည်းနည်းလေးဆိုးပါတယ်။

ဒီလိုအသုံးဝင်ပါတယ်

အကိုက်အခဲပျောက်စေတယ် – ရဲယိုပင်ကိုခေါင်းကိုက်ပျောက်ပင်၊ အကိုက်အခဲပျောက်ပင်လို့တောင်ခေါ်ကြတာမျိုးရှိပါတယ်။လေ့လာမှုတွေအရ ရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီးလေးဖက်နာေဝဒနာနဲ့ အခြားအဆစ်အမြစ်တွေနာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ် – ကိုယ်ခံအားေကာင်းစေဖို့ အထောက်အကူပြုပေးပါတယ်။ ဘက်တီးရီးယားတွေ အန္တရာယ်ကနေကာကွယ်ပေးသလို တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ရောဂါတွေကနေကာကွယ်ပေးနိုင်ပါ။

အိပ်ပျော်စေတယ် – ရဲယိုသီး နဲ့ ရဲယိုရွက်က ဆီရိုတိုနင်ဟော်မုန်းနဲ့ မယ်လ်လာတိုနင်ဟော်မုန်းတွေကိုလှုံ့ဆော်ပေးပါတယ်။ စိတ်ခံစားမှုကောင်းမွန်စေပြီး စိတ်ဓါတ်မကျစေဖို့နဲ့ အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို လှုံ့ဆော်ပေးမှတော့ စိတ်ဓါတ်ကျမှာ အိပ်မပျော်မှာကို ပူစရာမလိုတော့ဘူးပေါ့။

အရေပြားနဲ့ဆံသားကို ကျန်းမာစေနိုင်တယ် – ရဲယိုရွက်နဲ့ ရဲယိုသီးမှာပါတဲ့ ဂုဏ်သတ္တိတွေက အသားအရေကို နုပျိုစေပြီး ဆံသားကိုသန်စွမ်းစေနိုင်သလိုခြေသည်းလက်သည်းတွေကိုပါကျန်းမာစေနိုင်တာပါ။

ကင်ဆာကာကွယ်ပေးနိုင်တယ် – ရဲယိုရွက် နဲ့ ရဲယိုသီးတွေက နိုက်ထရစ်အောက်ဆိုဒ်ထွက်ရှိအောင်လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓါကိုယ်က ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ပါတယ်။

သွေးတိုးကျစေနိုင်တယ် -phytonutrients ပါဝင်နေသလို ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ပါဝင်နေတာကြောင့်သွေးကြောနံရံတွေကို Free Radicalတွေကြောင့် ထိခိုက်ပျက်စီးမှုကနေကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးတိုးကျစေနိုင်ပါတယ်။နောက်ထပ်အာနိသင်တစ်ခုက သွေးကြောတွေကိုပြေလျော့စေတာပါ။

သွေတွင်းကိုလက်စထရောကျဆင်းစေနိုင်စေတယ် -သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီးသွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ဉာဏ်ကောင်းစေနိုင်တယ် -သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပြီးသွေးကြောတွေထဲမှာသွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့် ဦးနှောက်ထဲကိုသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်သလို မှတ်ဉာဏ်လည်းပိုကောင်းစေနိုင်ပါတယ်။

ဝမ်းမှန်စေနိုင်တယ် -ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်များစွာပါဝင်နေတာကြောင့် အူတွေအတွင်းမှာ စီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကိုထောက်ပံ့ပေးပါသေးတယ်။

ဒါတွေအပြင် ရဲယိုပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓါတ်တွေကကျန်းမာရေးကိုတော်တော်လေးအထောက်အကူပြုပေးတာပါ။ လေနာရောဂါ၊အတက်ရောဂါတွေကို သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါတယ်။ ဆီးချိုအတွက်အသုံးတည့်သလို ဆီးသွားရင်နာကျင်တာ၊ အဖြူဆင်းတာ နဲ့ မအီမသာဖြစ်တာတွေအတွက်လည်း အသုံးတည့်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေးမှန်စေနိုင်သလိုသွေးမဆုံးခင်ခံစားရနိုင်တဲ့ အကြိုလက္ခဏာတွေကိုလည်း သကသာစေနိုင်ပါတယ်။အတွင်းတိမ်မဖြစ်အာင်ကာကွယ်ဖို့ ကင်ဆာကာကွယ်ဖို့နဲ့လေမဖြတ်အောင်ကာကွယ်ဖို့အတွက်လည်း အထူးသင့်တော်တဲ့ ဓါတ်စာတစ်ခုပါ။ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း စားသုံးပေးလို့ရပါတယ်။

Ref : hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top