အလှပျက်ရုံထက် ပိုပါတယ်

fat-woman-talks-with-instructor-after-exercise-PMJDAN3.jpg

အစားတစ်လိုင်း ကိုကို မမတို့အနေနဲ့ စားနေဝါးနေ ဝါးတီး တမုန်းဆွဲနေချိန်မှာ ” ငါဝလာတော့မှာပဲ ” ” အဝတ်အစားတွေ ကြပ်ကုန်တော့မှာပဲ ” ” အရမ်းဝလာရင် ခန္ဓာကိုယ်က ကြည့်ကောင်းတော့မှာမဟုတ်ဘူး ” စတဲ့ အတွေးအချို့ကလွဲလို့ အခြား စိတ်ပူတာ မယ်မယ်ရရ ရှိကြမယ်မထင်ပါဘူး။ ” ကဲ….ဝကာမှဝရော….မလှလည်း ပြသနာမရှိဘူး…အစားတော့ မလျှော့နိုင်ဘူး ” ဆိုတာလည်း ကြားနေကြစကားပါ။ သို့ပေမယ့်….လက်တွေ့မယ်တော့….အဝလွန်ခြင်းရဲ့ ဆိုးကျိုးဟာ အလှပျက်ရုံဆိုတာထက် အများကြီး ပိုပါတယ်။ သတိထားနိုင်ဖို့ရာ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆီးချိုရောဂါဖြစ်နိုင်ချေများခြင်း

အဝလွန်ခြင်းကြောင့် အသက် ၄၀ ကျော်လာတဲ့အခါ ဆီးချိုရောဂါဖြစ်နိုင်ချေ များလာပါတယ်။ အဝလွန်သူတွေ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်ဆီးချိုပြဿနာနဲ့ ကြုံတွေ့ရနိုင်ဖွယ်ရှိပါတယ်။

သွေးတိုး၊ နှလုံး၊ နှလုံးသွေးကြောကျဉ်းရောဂါများ ဆက်နွယ် ဖြစ်ပေါ်လာနိုင်ခြင်း

အဆီတွေ သွေးကြောထဲမှာ စုပုံလာတာကြောင့် သွေးကြောတွေကျဉ်းလာပြီး သွေးတိုး၊ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ချေများလာပါတယ်။

အသက်ရှူရခက်ခဲခြင်း၊ အမောမခံနိုင်ခြင်းနှင့် အိပ်နေစဉ် မကြာခဏ အသက်ရှူရပ်သွားခြင်း

ခန္ဓာကိုယ်က အဆီပိုတွေကြောင့် အသက်ရှူကြွက်သားများ ကျုံ့ရာဆန့်ရာမှာ အဟန့်အတားဖြစ်စေတာမို့ အသက်ရှူရခက်ခဲခြင်းဖြစ်ပေါ်နိုင်ပါတယ်။ အသက်ရှူရခက်ခဲတာကြောင့် အသက်ရှူမဝတဲ့အခါ ကိုယ်ခန္ဓာအတွက် လုံလောက်တဲ့ အောက်စီဂျင်မရဘဲ လမ်းကြာကြာလျှောက်တာ၊ လှေကားတက်တာ တို့မှာ အမောမခံနိုင်ဖြစ်လာပါတယ်။ အိပ်နေစဉ်ဟောက်ခြင်း၊ မကြာခဏအသက်ရှူရပ်သွားခြင်းများလည်း ဖြစ်နိုင်ပါတယ်။

အချို့သော ကင်ဆာအမျိုးအစားများ ဖြစ်နိုင်ချေ မြင့်တက်လာခြင်း

အဝလွန်ခြင်းနဲ့ဆက်စပ်နေတဲ့ ကင်ဆာအမျိုးအစားများကတော့ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊အစာရေမြိုကင်ဆာ၊ သည်းခြေကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ)၊ သိုင်းရွိုက်ကင်ဆာ တို့ပဲဖြစ်ပါတယ်။

ဒူးနာ၊ ခါးနာ အန္တရာယ်

ကိုယ်အလေးချိန်များလာတာနဲ့အမျှ ဒူးနဲ့ခါးလိုနေရာမျိုးဟာ အထိုင်အထ၊ လမ်းလျှောက် စတဲ့လှုပ်ရှားမှုမှန်သမျှမှာ ဝန်ပိ ဒဏ်ပိလာတာကြောင့် ဒူးနာ ခါးနာ အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့လာရပါတယ်။

မျိုးပွားမှာဆိုင်ရာပြသနာများ ပေါ်ပေါက်လာနိုင်ခြင်း

ပုံမှန်ကိုယ် အလေးချိန် ရှိသူတွေနဲ့ယှဉ်ရင် အဝလွန်သူတွေမှာ မျိုးအောင်နိုင်ချေ၊ ကလေးရနိုင်ချေ လျော့နည်း ကျဆင်းသွားတတ်ပါတယ်။

အဝတ်အစားရွေးချယ်ရခက်ခြင်း

ဒီအချက်က ပြောစရာမလိုလောက်အောင် အဝလွန်သူတိုင်းနီးပါး ကြုံတွေ့ဖူးတဲ့ ပြဿနာပဲဖြစ်ပါတယ်။

ကိုယ်နံ့နံခြင်း

အဆီပိုများကြောင့် ခန္ဓာကိုယ်လေဝင်လေထွက်မကောင်းတော့ဘဲ ကိုယ်နံ့နံနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ

အဝလွန်သူတွေအနေနဲ့ အဝတ်အစား ရွေးချယ်ရခက်ခြင်း၊ ရောဂါဝေဒနာ ထူပြောခြင်း၊ အလုပ်အများစုဟာ ရုပ်ရည်ခန္ဓာကိုယ် သွင်ပြင်ကို ဦးစားပေးလာတာကြောင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း စတဲ့အကြောင်းကြောင်းကြောင့် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုတောင် ခံစားရလာနိုင်ပါတယ်။

သက်တမ်းတိုခြင်း

အထက်ဖော်ပြပါ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် သက်တမ်းတိုနိုင်တာမို့ အချိန်မနှောင်းမီ ပုံမှန် ကိုယ်အလေးချိန် ပြန်လည်ရရှိအောင် ကြိုးစားသင့်ပါတယ်။ မိမိ တစ်ဦးတစ်ယောက်တည်းရဲ့ ကြိုးစားမှုနဲ့ မလုံလောက်ပါက ဆရာဝန်နဲ့ မိသားစုထံမှ အကူအညီရယူပြီး ကိုယ်အလေးချိန် လျော့ချရန် အကြံပြုလိုပါတယ်။

ဟုတ်ပါတယ်…အဝလွန်ခြင်းဟာ အလှပျက်ရုံထက် များစွာကို ပိုပါတယ်။

မေ@ဆေး၂ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top