၂၀၂၀ ပထမ ၃ လအတွင်း အကောင်းဆုံးတွဲဆိုင်း ၅ ဆိုင်း

9-4-2020-yyl-047.jpg

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် အားကစားပြိုင်ပွဲတွေ ရပ်ဆိုင်းထားတာ တစ်လကျော်သွားပါပြီ။ တစ်ကမ္ဘာလုံးအနေအထားနဲ့ ကူးစက်ပျံ့နှံ့နေတဲ့ အဖျက်ရောဂါပိုးကြောင့် ဘောလုံး၊ ဘတ်စကက်ဘော၊ ခရစ်ကတ်၊ တင်းနစ်၊ လက် ဝှေ့၊ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစား၊ အပြေး၊ ဖော်မြူလာဝမ်း အစရှိတဲ့ ကိုယ်လက်လှုပ်ရှား အားကစားနည်းပေါင်းစုံ ရပ်ဆိုင်း ထားရပါတယ်။ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဆိုရင်လည်း ဖေဖော်ဝါရီလ ကုန်ပိုင်းကစလို့ ပြိုင်ပွဲတွေကျင်းပခြင်းမရှိဘဲ ရပ်နားထားပါတယ်။ ၂၀၂၀ ပြည့်နှစ် ပထမ ၃ လအတွင်း စင်ကာပူအခြေစိုက် အားကစား အဖွဲ့အစည်းကြီးက ကျင်းပတဲ့ပြိုင်ပွဲတွေထဲက အကောင်းဆုံး ၅ ပွဲကို ဖော်ပြလိုက်ပါတယ်။

၁။ Matsushima Vs Kim Jae Woong

၂၀၂၀ ဖေဖော်ဝါရီ ၇ ရက်က ဂျကာတာမှာပြုလုပ်တဲ့ ONE: WARRIOR’S CODE ပြိုင်ပွဲရဲ့ဖယ်သာဝိတ်တန်းတွဲဆိုင်းမှာ လက်ရှိကမ္ဘာ့ချန် ပီယံ Martin Nguyen ကို ရှုံးနိမ့်ထားတဲ့ ဂျပန်အားကစားသမား Koyomi “Moushigo” Matsushima နဲ့ ၄ ပွဲဆက်အနိုင်ယူကာ အလဲ ထိုးဘုရင်လို့ နာမည်ကြီးနေတဲ့ တောင်ကိုရီးယားအားကစားသမား “The Fighting God” Kim Jae Woong တို့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ကမ္ဘာ့ချန်ပီယံနဲ့ပွဲမှာ ပူပူနွေးနွေးရှုံးနိမ့်ထားတဲ့ Matsushima အတွက် ဂုဏ်သိက္ခာပြန်ဆယ်နိုင်ဖို့ အရေးကြီးသလို အသက် ၂၇ နှစ်အရွယ် Kim အတွက်လည်း နိုင်ပွဲဆက်နိုင်ရေးက အသက်တမျှ အရေးပါနေပါတယ်။ ပထမအချီအစ ၁ မိနစ်အတွင်း မြေပြင်ချုပ်ကွက် တစ်ကြိမ် စီရခဲ့တာကိုကြည့်ရင် သူတို့နှစ်ယောက်တွဲဆိုင်းက ပြိုင်ဆိုင်မှုကြီးမားလွန်းတာ သိသာပါတယ်။

တတိယအချီအမှာ Matsushima ရဲ့ညာ ဝိုက်လက်သီး မျက်နှာကို တိုက်ရိုက်ထိမှန်သွားပြီးနောက် Kim ယိုင်ထွက်သွားပြီး နောက်တစ် ကြိမ် ညာလက်သီးတစ်လုံး မိသွားချိန်မှာတော့ ကြိုးဝိုင်းထောင့် လဲကျသွားခဲ့ပါတယ်။ ဒီနောက် ဂျပန်အားကစားသမားက ညာလက်သီး တွဲလုံးတွေအပြင် ညာဒူးတိုက်ချက်တွေနဲ့ပါ ထိုးနှက်ချိန်မှာတော့ ကြိုးဝိုင်းဒိုင်လူကြီးက တတိယအချီအစ ၂၄ စက္ကန့်အကြာမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ပေးခဲ့ပါတယ်။

၂။ Joshua Pacio Vs Alex Silva

ကိုယ်စီ ၂ ပွဲဆက်တိုက် အနိုင်ယူထားတဲ့ ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Joshua “The Passion” Pacio နဲ့ ချန်ပီယံဟောင်း ဘရာဇီးလ်အားကစားသမား Alex “Little Rock” Silva တို့ ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်က မနီလာမှာပြုလုပ်တဲ့ ONE: FIRE & FURY ပြိုင်ပွဲတွေ့ဆုံမှုက ရင်သပ်ရှုမောစရာပါပဲ။ ၂၄ နှစ်အရွယ် Pacio က လက်သီး၊ ဒူး၊ ခြေကန်ချက်တွေကို အများ ဆုံးအသုံးပြုပေမယ့် အသက် ၃၇ နှစ်အရွယ် ဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံ Silva ကတော့ မြေပြင်ချုပ်ကွက်ပိုင်းကိုသာ အားသန်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လွန်းပြီး တစ်ဦးနဲ့တစ်ဦး ပွဲမဖြတ်နိုင်တာကြောင့် ၅ ချီပြည့်တဲ့အထိ အရှုံးအနိုင် အဖြေမပေါ်ပေမယ့်လည်း အမှတ်ပေး ဒိုင် ၃ ဦးအနက် ၂ ဦးက လက်ရှိချန်ပီယံကို အနိုင်ပေးခဲ့ပါတယ်။

၃။ Danny Kingad Vs Xie Wei

ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Adriano Moraes နဲ့ ချန်ပီယံတွဲဆိုင်း ယှဉ်ပြိုင်ဖူးပေမယ့် ရှုံးနိမ့်ခဲ့ရတဲ့ ဖိလစ်ပိုင်အားကစားသမား Danny “The King” Kingad နဲ့ ONE Warrior Series ကနေ ၅ ပွဲဆက်အနိုင်ယူကာ ကမ္ဘာ့အဆင့်တက်လှမ်းလာတဲ့ တရုတ်အားကစားသမား “The Hunter” Xie Wei တို့ရဲ့တွဲဆိုင်းက မျက်တောင်မခတ်ချင်လောက်တဲ့အထိ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ONE: FIRE & FURY ပြိုင်ပွဲမှာ ၎င်းတို့နှစ်ဦးရဲ့ဖလိုင်းဝိတ်တန်းတွဲဆိုင်းက မတ်တပ်ရပ်တိုက်ခိုက်မှုကို အများဆုံးမြင်တွေ့ခဲ့ရပြီး ၃ ချီပြည့်တဲ့အထိ သရေ ကျနေပေမယ့်လည်း အမှတ်ပေးဒိုင် ၃ ဦးစလုံးက Kingad ကို တညီတညွတ်တည်း အနိုင်ပေးခဲ့ပါတယ်။

၄။ Tiffany Teo Vs Ayaka Miura

၂၀၂၀ ဖေဖော်ဝါရီ ၂၈ ရက်က စင်ကာပူမှာ တံခါးပိတ်ကျင်းပတဲ့ ONE: KING OF THE JUNGLE ပြိုင်ပွဲရဲ့အမျိုးသမီး စတောဝိတ်တန်း တွဲဆိုင်းမှာ အိမ်ရှင် စင်ကာပူအားကစားသမား Tiffany “No Chill” Teo က ၆ ပွဲဆက်တိုက် အနိုင်ရထားတဲ့ ဂျပန်အားကစားသမား Ayaka Miura ကို အကောင်းဆုံးစွမ်းဆောင်ရည်ပြသကာ ဒိုင်ပွဲရပ်အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ တရုတ်အားကစားသမား “The Panda” Xiong Jing Nan နဲ့ ကမ္ဘာ့ချန်ပီယံတွဲဆိုင်း ထပ်မံယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ငယ်ရွယ်တဲ့ Miura က ချုပ်ကွက်နဲ့ အနိုင်ရဖို့ကြိုးစားပေမယ့် အနိုင်ရလိုစိတ်များနေတာကြောင့် အမှားများခဲ့ပြီး အရာမထင်ခဲ့ပါဘူး။ တတိယအချီပြီးဆုံးဖို့ ၁၅ စက္ကန့်အလိုမှာတော့ Teo က မြေပြင် ချုပ်ကွက်သုံးဖို့ကြိုးစားတဲ့ ပြိုင်ဘက်ကို အချုပ်မခံဘဲ အပေါ်ကနေ လက်သီးတွဲလုံးတွေသုံးကာ တိုက်ခိုက်ခဲ့တာကြောင့် Miura ကာ ကွယ်နိုင်စွမ်းမရှိတော့ဘဲ ဒိုင်လူကြီးက ဒိုင်ပွဲရပ် အနိုင်ပေးခဲ့ပါတယ်။

၅။ Itsuki Hirata Vs Crowley

ONE: WARRIOR’S CODE ပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ်ဘဝ ၅ ပွဲဆက်အနိုင်ရထားတဲ့ ဂျပန်အားကစားသမား Itsuki “Strong Heart Fighter” Hirata ဟာ ၆ ပွဲဆက်အနိုင်ရတဲ့စံချိန် တင်နိုင်ခဲ့ပေမယ့် ၎င်းရဲ့ဘဝတစ်လျှောက် အခက်ခဲဆုံးတွဲဆိုင်းအဖြစ် နယူးဇီလန်အား ကစားသမား Nyrene “Neutron Bomb” Crowley ကို ဒိုင်ပွဲရပ် အနိုင်ယူခဲ့ပါတယ်။ ပွဲစဉ်တစ်လျှောက် အသာစီးယှဉ်ပြိုင်နိုင်ခဲ့တဲ့ Hirata က တတိယအချီ ၁ မိနစ်အကျော်မှာ ပြိုင်ဘက်ကို အပေါ်စီးကခွကာ ညာလက်သီးတွေ ဆက်တိုက်ထိုးနှက်ချိန်မှာ ဒိုင်လူကြီးက ပွဲရပ်နားကာ ၎င်းကို အနိုင်ပေးခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top