သမိုင်းတစ်လျှောက် ကမ္ဘာ့အရပ်ရှည်ဆုံးလူသားအဖြစ် မှတ်တမ်းတင်ခံရသူ

8-12-2022-yyl-12.jpg

“အီလီနွိုင်းပြည်နယ်ရဲ့ဧရာမလူသားကြီး” အဖြစ် ခေါ်ဆိုကြတဲ့ ရော်ဘတ်ဝက်ဒ်လိုဟာဆိုရင် သမိုင်းတစ်လျှောက်လုံး ကမ္ဘာ့အရပ်ရှည်ဆုံးလူသားအဖြစ် မှတ်တမ်းတင်ခံထားရတဲ့သူပါ။ History in Color ဆိုတဲ့ လူမှုကွန်ယက်ပေ့ချ်တစ်ခုဟာ သူ့မိသားစုနဲ့အတူ ရိုက်ထားတဲ့ ရော်ဘတ်ရဲ့၁၉၃၅ ခုနှစ်ဓာတ်ပုံတစ်ပုံကို အရောင်ထည့်ကာ တင်ပေးခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့အကြောင်းကို သတင်းမီဒီယာမှာ ဖော်ပြလာခဲ့ကြပြန်ပါတယ်။ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းကလည်း History in Color ရဲ့အဲဒီပို့စ်ကို “အရပ်အရှည်ဆုံးလူသားရဲ့အမိုက်စားဓာတ်ပုံ”ဆိုတဲ့စာသားနဲ့ share ပေးခဲ့သလို ရော်ဘတ်ရဲ့ပုံကိုလည်း တင်ပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ရော်ဘတ်ဝက်ဒ်လိုဟာ သမိုင်းတစ်လျှောက် အရပ်ရှည်ဆုံးလူသားဖြစ်တယ်ဆိုတာကို ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းက တရားဝင်အတည်ပြုပေးခဲ့တာပါ။ ရော်ဘတ်ဝက်ဒ်လိုဟာ ၁၉၅၅ ခုနှစ် (ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းစာအုပ်ကို ပထမဆုံးထုတ်ဝေတဲ့အချိန်) ကတည်းက ကမ္ဘာ့အရပ်ရှည်ဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ ၁၉၄၀ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ရော်ဘတ်ရဲ့အရပ်အမောင်းအတိုင်းအတာက ၈ ပေ ၁၁ လက်မ (၂.၇၂ မီတာ) ရှိခဲ့တာပါ။

ရော်ဘတ် (၅) နှစ်သားအရွယ်မှာ သူ့အရပ်အမောင်းက ၅ ပေ ၄ လက်မ (၁.၆၃ မီတာ) ဖြစ်နေပါပြီ။ အဲဒီအရပ်အမောင်းကြောင့် သူဟာ ဆယ်ကျော်သက်တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ရတာပါ။ အသက် ၈ နှစ်မှာ သူ့အဖေရဲ့အရပ်အမောင်း ၅ ပေ ၁၁ လက်မထက် ကျော်နေခဲ့ပါတယ်။

ရော်ဘတ်က ခန္ဓာကိုယ်ကြီးထွားတဲ့ဟော်မုန်းရောဂါအခြေအနေကို ခံစားခဲ့ရတယ်လို့ ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ထူးခြားတဲ့အရပ်အမောင်းက သူ့ကို အသက်ကြီးလာတာနဲ့အမျှ ပိုဆိုးလာစေတဲ့ ကျန်းမာရေးပြဿနာများစွာဖြစ်စေခဲ့ပါတယ်။

ရော်ဘတ်က လမ်းလျှောက်ရတာခက်ခဲလာတဲ့အတွက် မလဲအောင်ထိန်းတဲ့ကိရိယာတပ်ထားရပါတယ်။ အဲဒါကြောင့် သူ့ရဲ့ညာခြေချင်းဝတ်မှာ အနာဖြစ်ကာ ရောဂါပိုးဝင်ခဲ့ပါတယ်။ ကုသမှုခံယူခဲ့ပေမဲ့ အားနည်းတဲ့ ခုခံအားစနစ်ကြောင့် အခြေအနေ ပိုဆိုးလာခဲ့ပြီး ၁၉၄၀ ဇူလိုင်လ ၁၅ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

ရော်ဘတ်ဝက်ဒ်လို သေဆုံးတဲ့အချိန်မှာ သူ့အသက် ၂၂ နှစ်ရှိပါပြီ။ သူမသေဆုံးခင်အထိ သူ့ခန္ဓာကိုယ်က ကြီးထွားနေတုန်းပါပဲ။ သူ့ရဲ့အရွယ်အစားကြေးရုပ်တုကိုလည်း Alton Museum of History and Art ရှေ့မှာ မြင်တွေ့ရနိုင်ပါတယ်။

Ref: Pictures Of ‘Tallest Man Who Ever Lived’ Resurface; Internet Is In Disbelief

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top