မင်္ဂလာပွဲမတိုင်ခင် မိဘအရင်းတွေနဲ့ ပြန်ဆုံခွင့်ရချင်နေတဲ့ မိန်းကလေး

23-6-2022-yyl03.jpg

ပိုင်ရွှဲဖန် ၃ နှစ်သမီးအရွယ်က ရိုက်ကူးထားသော ဓာတ်ပုံနှင့် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသည့် လက်ရှိဓာတ်ပုံ

ငယ်စဉ်ကတည်းက ကလေးခိုးသူတွေရဲ့ ရောင်းစားခြင်းခံခဲ့ရတဲ့ မိန်းကလေးဟာ မင်္ဂလာပွဲမတိုင်ခင် သူ့ရဲ့မိဘအရင်းတွေနဲ့ ပြန်ဆုံခွင့်ရဖို့ အပူတပြင်း ကြိုးပမ်းလျက်ရှိပါတယ်။ တရုတ်ရိုးရာ မင်္ဂလာဝတ်စုံဝတ်ပြီး မိဘအရင်းတွေနဲ့ ပြန်တွေ့ချင်တဲ့အကြောင်း တင်ထားတဲ့ သူ့ရဲ့ဗီဒီယိုဟာ တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ပိုင်ရွှဲဖန်က ၂၄ နှစ်အရွယ် ရှိပါပြီ။ သူဟာ ၃၊ ၄ နှစ်သမီးအရွယ်ကတည်းက မွေးစားမိဘတွေထံ ယွမ် ၁၀၀၀ နဲ့ ရောင်းစားခံခဲ့ရတာပါ။ မိဘအရင်းတွေနဲ့ပတ်သက်ပြီး သူ ဘာမှ မသိပါဘူး။ ၃ နှစ်သမီးအရွယ်က ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံပဲ သူ့မှာ ရှိပါတယ်။

” ၁၁ နှစ်အရွယ်ရောက်မှ ကျွန်မရဲ့ ဘဝအစစ်အကြောင်းကို သိခဲ့ရတာပါ။ ဒီကိစ္စကြောင့် မွေးစားမိဘတွေနဲ့ ခဏခဏ စကားများရတယ်။ သူတို့က ကျွန်မကို မကြာခဏရိုက်ပြီး ဆူပူကြိမ်းမောင်းတတ်ပါတယ်” လို့ ပိုင်ရွှဲဖန်က ဆိုပါတယ်။

ကလေးတွေကို ခိုးယူရောင်းစားမှုဟာ တရုတ်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ

သူဟာ ၁၇ နှစ်သမီးအရွယ်မှာ အလုပ်စလုပ်ပြီး ကွေ့ကျိုး၊ ယူနန်၊ ရှန်တုံ၊ ဟီနန်၊ ဘေဂျင်း အစရှိတဲ့ မြို့ကြီးတွေကို သွားကာ မိဘအရင်းတွေကို ရှာဖွေခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုချိန်အထိတော့ မိဘအရင်းတွေအကြောင်း တစွန်းတစတောင် မသိရသေးပါဘူး။

အခုချိန်မှာတော့ ပိုင်ရွှဲဖန်က တရုတ်ရိုးရာ နံနက်စာမုန့်ဆိုင်လေး ဖွင့်ထားပြီး သူ့ဆိုင်နံရံမှာ သူ့မိဘအရင်းတွေကို လိုက်ရှာနေတဲ့ အကြောင်း စာကပ်ထားပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက သူ့မိဘအရင်းတွေကို လိုက်ရှာခဲ့တဲ့ ပိုင်ရွှဲဖန်ရဲ့ ရှာပုံတော်က ၇ နှစ် ကြာခဲ့ပါပြီ။

” ကျွန်မက သိပ်မကြာခင် မင်္ဂလာဆောင်တော့မှာပါ။ မင်္ဂလာပွဲအခမ်းအနားမှာ မိဘအရင်းတွေ ရှိနေဖေို့ မျှော်လင့်ပါတယ်။ ဒီဗီဒီယိုကို ကြည့်မိသူတွေကလည်း မိဘအရင်းတွေနဲ့ ဆုံစည်းခွင့်ရအောင် ကျွန်မကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပိုင်ရွှဲဖန်က ဆိုပါတယ်။

ရိုးရာမင်္ဂလာဝတ်စုံဝတ်ဆင်ဖို့ ပြင်ဆင်နေတဲ့ ပိုင်ရွှဲဖန်

ပိုင်ရွှဲဖန်ရဲ့ ဗီဒီယိုပျံ့နှံ့သွားပြီးနောက်မှာ တရုတ်လူမှုကွန်ရက် အသုံးပြုသူတွေက သူ့အတွက် ဆုတောင်းပေးကြသလို သူတို့ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတာတွေကို ဝေမျှသူတွေလည်း ရှိခဲ့ပါတယ်။

” ကျွန်တော်လည်း မိဘအရင်းတွေနဲ့ ပြန်ဆုံခွင့်ရချင်ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့်က စွန့်ပစ်သွားခဲ့တာပါ။ ကလေးသူခိုးတွေရဲ့ ခိုးယူခြင်းခံခဲ့ရတဲ့ ကလေးအားလုံး သူတို့မိဘအရင်းတွေနဲ့ အမြန်ဆုံး ပြန်ဆုံစည်းခွင့်ရဖို့ မျှော်လင့်ပါတယ်” လို့ လူတစ်ဦးက ဆိုပါတယ်။

Ref: Moving plea by abducted victim sold for $208, now 24, posts video in wedding dress in bid to find birth parents before her nuptials

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top