သေဆုံးပြီးသူများကို ပြန်လည်အသက်သွင်းဖို့ဆိုတာ ဖြစ်နိုင်သလား

11009-posts.article_md.jpg

သေခြင်းတရားဆိုတာ ရှောင်လွှဲလို့မရတဲ့အရာတစ်ခုဆိုတာ ဘာသာရေးရှုထောင့်ကကော သိပ္ပံရှုထောင့်ပိုင်းကပါ လက်ခံထားကြပါတယ်။ ဘာသာရေးဘက်မှာတော့ သေခြင်းတရား ပြီးရင် အားလုံးပြီးဆုံးသွားမှာကို လက်ခံရမှာခက်ခဲတယ်လို့ယူဆတဲ့အတွက် ကျွန်တော်တို့ဟာ သေပြီးရင်တစ်ခုခုဖြစ်မယ်ဆိုပြီး ဘာသာတရားအသီးသီးမှာ ယူဆထားကြပါတယ်။ ပြန်လည်ဝင်စားခြင်း၊ နတ်ပြည်ရောက်ခြင်း၊ ငရဲပြည်ရောက်ခြင်း စသဖြင့် အမျိုးမျိုးယူဆကြပါတယ်။ အရာအားလုံးကို လက်တွေ့သက်သေမပြနိုင်မချင်း အတည်မပြုတတ်တဲ့ သိပ္ပံပညာမှာတော့ သေဆုံးခြင်းဆိုတာကဟာ ခဏတဖြုတ်သာဖြစ်မယ့်အရာလားလို့ သိချင်ကြပါတယ်။

Walking Dead အပါအဝင် အချို့သောရုပ်ရှင်များမှာ သေပြီးနောက်ပိုင်း အသိမဲ့ပြီးသွားလာနေကြတဲ့ မသေမရှင် ဖုတ်ကောင် (Zombies) များကို အကျယ်တဝင့်ရိုက်ပြလေ့ရှိပါတယ်။ အဆိုပါဖုတ်ကောင်များဟာ လက်တွေ့မှာမရှိဘူးဆိုတာ ကျွန်တော်တို့ သိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ပြန်လည်လှုပ်ရှားတတ်တဲ့ အလောင်းများဆိုတာကတော့ စိတ်ကူးယဉ်ထားတာထက် ပိုတဲ့အရာများဖြစ်ပါတယ်။ သိပ္ပံပညာရှင်များဟာ လွန်ခဲ့တဲ့ နှစ်ရာဂဏန်းခန့်ကစလို့ ခေတ်အဆက်ဆက် သေဆုံးပြီးရုပ်အလောင်းများကို အသက်သွင်းဖို့ကြိုးစားခဲ့ကြပါတယ်။

၁၈၀၀ ပြည့်နှစ်များက ရူပဗေဒပညာရှင်တစ်ဦးဖြစ်သူ Giovanni Aldini က သေဆုံးပြီး လူရုပ်အလောင်းများနဲ့ တိရစ္ဆာန်ရုပ်အလောင်းများကို လျှပ်စစ်ရှော့တိုက်ပြီး ပထမဆုံးအကြိမ် အဖြစ် လှုပ်ရှားမှုများဖြစ်စေခဲ့တယ်လို့ နာမည်ကြီးပါတယ်။ ဒါပေမဲ့ ဒါဟာ အသက်ပြန်ဝင်လာခြင်းတော့မဟုတ်ပါဘူး။ လျှပ်စစ်ရှော့များကို သေဆုံးပြီးရုပ်အလောင်းအတွင်းမှာရှိတဲ့ ဆဲလ်များ၊ မော်လီကျူးများက ပြန်လည်တုန့်ပြန်ခြင်းကြောင့် အနည်းငယ်လှုပ်ရှားခြင်းသာဖြစ်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်ဆိုတဲ့အရာကိုတောင် မှော်ပညာတစ်ခုလိုမြင်ခဲ့တဲ့ အဆိုပါ အချိန်အခါမှာ ဒီလိုမြင်ကွင်းများကိုတွေ့မြင်ရတာ အတော်လေးကိုအံ့သြဖို့ကောင်းခဲ့တယ်ဆိုတာ နားလည်နိုင်ပါတယ်။

တိရစ္ဆာန်ဖုတ်ကောင်များ (Zombie Animals)

အဆိုပါ လျှပ်စစ်သုံးပြီးပြန်လည်အသက်သွင်းဖို့ကြိုးစားခြင်းဟာ ၁၉၃၀ ပြည့်နှစ်များမှာ တစ်ဖန်ခေတ်ပြန်ထလာပါတယ်။ အဲဒီအထဲမှာ နာမည်အကြီးဆုံးကတော့ အမေရိကန် ဇီဝဗေဒ ပညာရှင်တစ်ဦးဖြစ်သူ Robert E. Cornish ဖြစ်ပြီးတော့ သူဟာ University of California Berkeley မှာ သုတေသနပြုလုပ်နေသူတစ်ဦးဖြစ်ပါတယ်။ သူဟာ သေဆုံးပြီး ခွေး( ၂) ကောင်ရဲ့ သွေးကြောများအတွင်း anticoagulants (သွေးခဲခြင်း၊ သွေးကြောပိတ်ခြင်းကို ကာကွယ်တဲ့ ဆေး) နဲ့ steroids များထည့်သွင်းပြီးတော့ သွေးများပြန်လည်ပတ် စေခြင်းဖြင့် ပြန်လည်အသက်သွင်းခဲ့တယ်လို့ဆိုပါတယ်။ ပြီးတော့ သူဟာ ဒါကို လူတွေမှာ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက်စီစဉ်ခဲ့ပြီး ကယ်လီဖိုးနီးယားမှာ သေဒဏ်ကျခံ ထားသူ အကျဉ်းသားတစ်ယောက်ဖြစ်တဲ့ Thomas McMonigle က သူ့ကို ကွပ်မျက်ပြီးရင် သူ့ရုပ်အလောင်းကို စမ်းသပ်နိုင်ကြောင်း volunteer လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကယ်လီဖိုးနီးယား ပြည်နယ်အာဏာပိုင်များက ဒီအစီအစဉ်ကို တားမြစ်ခဲ့ကြပါတယ်။

မကြာသေးမီက Yale University မှ သိပ္ပံပညာရှင်များက ဝက်များရဲ့ ဦးနှောက်များကို ပြန်လည်အသက်သွင်းဖို့အတွက် လေ့လာခဲ့ကြပြီး သူတို့ရဲ့တွေ့ရှိမှုများကို ပြီးခဲ့တဲ့ဧပြီလ အတွင်းက Nature ဂျာနယ်မှာ ထုတ်ပြန်ခဲ့ကြပါတယ်။ အဆိုပါ ဝက်များဟာ သားသတ်ရုံမှာသေဆုံးပြီး နာရီပိုင်းအကြာမှာပဲ သူတို့ရဲ့ ဦးနှောက်အတွင်းက လှုပ်ရှားမှုများနဲ့ ဆဲလ် လှုပ်ရှားမှု (cellular activity) များကို ပြန်လည်အသက်သွင်းနိုင်ခဲ့တယ်လို့ Livescience မှာ ဖော်ပြခဲ့ပါတယ်။ အချို့သော ဦးနှောက်ဆဲလ် များက ပြန်လည်အလုပ်လုပ်လာပေမဲ့ ဝက်များကို အသိတရား (consciousness) ပြန်လည်ပိုင်ဆိုင်စေဖို့ အတွက်တော့ မလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် သိပ္ပံပညာရှင်များဟာ သူတို့ရဲ့ လုပ်ရပ်က အဆိုပါဝက်များကို အသက်ရှင်စေခဲ့တာလား၊ သေဆုံးခြင်းမှာပဲရှိနေစေခဲ့သလားဆိုတာတော့ အတိအကျမပြောနိုင်ဘူးဖြစ်နေပါတယ်။

လူသားဖုတ်ကောင်များ (human zombies)

ကျွန်တော်တို့လူသားများဟာ အသက် (၁၈၀) အထိ နေနိုင်တဲ့ခန္ဓာကိုပိုင်ဆိုင်ပေမဲ့ တစ်သက်လုံး စားခဲ့၊ နေထိုင်ခဲ့ပုံများက ဘဝတစ်လျှောက် slow poisoning ဖြစ်စေပြီး အသက် ၇၀~၈၀ မှာ သေဆုံးကြပါတယ်။

လူသားဖုတ်ကောင်များဟာ နေရာတော်တော်များများမှာ ကြားဖူး ဖတ်ဖူးပြီး တော်တော်များများ (သို့မဟုတ် အားလုံး) ကတော့ မဟုတ်မမှန်တွေချည်းပါပဲ။ ဒါပေမဲ့ အချို့သော နာမည်ကြီးတဲ့လေ့လာမှုများအရ သေဆုံးပြီးပြန်လည်အသက်ရှင်စေဖို့ဆိုတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်က (၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ Kelly Dwyer က New Hampshire နယ်မှာ တစ်ဦးတည်းတောင်တက်နေစဉ် ရေခဲကန်အတွင်းကို ပြုတ်ကျခဲ့ပါတယ်။ သူ့ဆီကို လူနာတင်ကားများမရောက်ခင်မှာတင် သူ့ရဲ့ နှလုံးဟာရပ်သွားခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာလည်း (၁၅) ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းသွားခဲ့တယ်လို့ဆိုပါတယ်။ Dwyer ဟာ (၅) နာရီတိတိ သေဆုံးနေခဲ့ပြီး life support များပြန်လည်ရရှိတဲ့အခါမှာတော့ သူ့ရဲ့ နှလုံးဟာ ပုံမှန်အတိုင်း ပြန်ခုန်လာခဲ့ပါတယ်။ ဆေးရုံမှာ ( ၂) ပတ်ခန့် ကုသမှုများခံယူပြီးနောက် မှာတော့ သူဟာ ပုံမှန်အတိုင်းဆေးရုံကဆင်းလာခဲ့ပြီး ဦးနှောက်ထိခိုက်မှုတစ်စုံတစ်ရာ မရှိပါဘူး။ သူဟာ ဖုတ်ကောင်တော့ဖြစ်မသွားခဲ့ပေမဲ့ (၅) နာရီကြာသေဆုံးပြီး ပြန်လည်အသက်ရှင် လာသူတစ်ဦးဆိုတာတော့ လက်ခံရမှာဖြစ်ပါတယ်။

(ကျွန်တော်တို့လူသားများရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ပျမ်းမျှအားဖြင့် (၃၇) ဒီဂရီဆဲလ်စီးယပ်စ်ဖြစ်ပြီးတော့ ခန္ဓာကိုယ်အတွင်းကအစိတ်အပိုင်းများက ကျွန်တော်တို့စားသုံးလိုက်တဲ့ အာဟာရစွမ်းအင်များကိုချက်လုပ်ခြင်းကြောင့် အပူချိန်ထွက်နေပါတယ်။ သေဆုံးတဲ့အခါမှာ ဒီလုပ်ငန်းစဉ်များ အားလုံးရပ်ဆိုင်းသွားခြင်းကြောင့် ခန္ဓာကိုယ်အပူချိန် ကျဆင်းသွား ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် သေဆုံးပြီးအလောင်းများကိုထိကြည့်ရင် အေးစက်နေခြင်းဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ သူကအေးစက်တာမဟုတ်ပါဘူး။ ကျွန်တော်တို့က ပူနေခြင်းဖြစ်ပါတယ်။ သူ့ရဲ့ အပူချိန်ဟာ room temperature မှာ ရှိနေပါတယ်)

သေဆုံးပြီးသူကို ပြန်လည်အသက်သွင်းဖို့အတွက် စမ်းသပ်မှုများကို နှစ်ပေါင်းရာချီပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပြီးနောက်မှာလည်း အချို့သောသိပ္ပံပညာရှင်များက ဆက်လက်ကြိုးပမ်း နေတုန်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၃) နှစ်အတွင်းမှာ Bioquark, Inc. လို့ခေါ်တဲ့ အမေရိကန်ဇီဝနည်းပညာကုမ္ပဏီတစ်ခုက သေဆုံးပြီးလူနာများရဲ့ ဦးနှောက်ကိုလေ့လာပြီး ပြန်လည် အသက်သွင်းဖို့ စမ်းသပ်မှုများပြုလုပ်ရန် လူနာအလောင်း (၂၀) ခန့်ကို တောင်းဆိုနေခဲ့ပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုများအတွက် ၂၀၁၉ ဇူလိုင်လမတိုင်ခင်အထိ အတည်ပြု မပြု စဉ်းစားသွားဦးမှာမဟုတ်ပါဘူး။ ပြီးတော့ သိပ္ပံအသိုင်းအဝိုင်းတစ်ခုလုံးကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်နေကြပါတယ်။ “Dead means dead” ဆိုတဲ့ စာသားများနဲ့ သိပ္ပံဂျာနယ်အတော်များများ မှာ စာများရေးသားကာ ကန့်ကွက်နေကြပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top