HospiCare က ဦးစီးကျင်းပခဲ့သည့် “ရောဂါကူးစက်ကာကွယ်ဖို့ လက်ကိုမှန်မှန်သန့်စင်စို့” အသိပညာပေးဆွေးနွေးပွဲ

02.jpg

“ရောဂါကူးစက်ကာကွယ်ဖို့ လက်ကိုမှန်မှန်သန့်စင်စို့” ဟူသည့် ရောဂါကူးစက်မှုကာကွယ်ခြင်းနှင့် လက်သန့်စင်ခြင်းဆိုင်ရာကျန်းမာရေးအကြောင်းအဖြာဖြာ အသိပညာပေးဆွေးနွေးပွဲကို HospiCare ကဦးစီး၍ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၊ ပုသိမ်ခန်းမ၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားကို လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါနှင့် H1N1 ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါအကြောင်း၊ ပဋိဇီဝဆေး ယဉ်ပါးမှုပြဿနာအကြောင်း၊ ရောဂါကူးစက်ခြင်းမှ ကာကွယ်ခြင်းနှင့် လက်သန့်စင်ခြင်းဆိုင်ရာကျန်းမာရေးအကြောင်းအရာများကို ပြည်သူများ ပိုမို နားလည်ပြီး ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဏုဇီဝဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်၊ အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်နှင့် ပြည်သူ့အချစ်တော် ရုပ်ရှင် သရုပ်ဆောင် ချစ်သုဝေတို့က အခမ်းအနားတွင် ဦးဆောင်ဆွေးနွေး ပေးခဲ့ကြပြီး ဖိတ်ကြားထားသော HospiCare သုံးစွဲသူ မိတ်ဟောင်း မိတ်သစ် ဧည့်သည် တော်များ၊ စိတ်ဝင်တစား လာရောက်သည့်ပရိသတ်များနှင့် သတင်းမီဒီယာများအပါအဝင် လူဦးရေ (၇၀) ကျော် တက်ရောက်နားထောင် ခဲ့ကြပါသည်။

ရာသီတုပ်ကွေးရောဂါ၊ H1N1 ရောဂါ အကြောင်းများနှင့်ပတ်သက်ပြီး အဏုဇီဝဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်က “H1N1 ရောဂါသည် ယခုနှစ်ပိုင်းများမှဖြစ်သည်မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကရှိခဲ့ပြီး အဆင့်ဆင့်ပြောင်းလဲလာခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့ပြီးနောက် လူများကကြောက်လာခဲ့ကြကြောင်းရှင်းပြခဲ့ပြီး ကာကွယ်ဆေးထိုးခြင်းအကြောင်းကိုလည်း အသေးစိတ် ဆွေးနွေးအကြံပေး ခဲ့ပါသည်။

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က “ကိုယ်ခံစွမ်းအားများနေလျှင် ၅၀% ကာကွယ်နိုင်ကြောင်း၊ ကိုယ်ခံစွမ်းအားသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ ကိုယ်ခံစွမ်းအားကောင်းစေရန် (Protein) အသားဓာတ်အပြင် Vitamin – C နှင့် Zinc ဓာတ်သည် အသင့်တော်ဆုံးဖြစ်ကြောင်း၊ စွပ်ပြုတ်ရည် များများ သောက်သင့်ကြောင်း၊ သက်သက်လွတ်ဆိုလျှင် ပဲဟင်းရည်သောက်နိုင်ကြောင်း၊ Vitamin – C ပါဝင်သော အစားအစာများ စားသုံးသင့်ကြောင်း၊ Zinc ပါဝင်သည့် Seafood (ဘော့ဂျိတ်ပုစွန်) စားနိုင်ကြောင်း၊ အသီးများလည်းစားနိုင်ကြောင်း၊ အစိမ်းရောင်ရှိသည့် အသီးအရွက်များ လည်းစားသင့်ကြောင်း၊ Antioxidant အဖြစ် ဂျင်းပြုတ်ရည်၊ ဂျင်းသုပ်၊ ကြက်သွန်ဖြူတို့သည်လည်း ယခုချိန်တွင်စားသင့်ကြောင်း၊ ရေနွေးကြမ်း (အထူးသဖြင့် Green Tea) များများသောက်သင့်ကြောင်း၊ ဟင်းအနှစ်နှင့် ဆီကြော်များကို ရှောင်သင့်ကြောင်း၊ လေ့ကျင့်ခန်း များလုပ်သင့်ကြောင်းနှင့် လက်သန့်ရှင်းနေရန်အရေးကြီးသည့်အတွက် လက်ဆေးသင့်ကြောင်း” အကြံပြုဆွေးနွေးခဲ့ပါသည်။

ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေကလည်း မိခင်တစ်ယောက်အနေဖြင့် “မိမိ၏ ကလေးများအားဖျားနာခြင်းမှ ကာကွယ်ရန် ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ငယ်စဉ်ကတည်းကအသားကျအောင် ကျွေးပေးကြောင်း၊ Vitamin – C ပါသောအချိုရည်တိုက်ကြောင်း၊ Knowledge မှသည် Attitude အဖြစ် Attitude မှ Practice အဖြစ်သို လိုက်နာကျင့်သုံးသင့်ကြောင်း၊ တုပ်ကွေး virus အတွက် ကိုယ်ခံစွမ်းအားတက်အောင် ရွေးချယ်စားသုံးသင့်ကြောင်း” စသည့်အတွေ့အကြုံများအား ဝေမျှအကြံပေးခဲ့ပါသည်။

ထို့နောက် ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာအကြောင်း ဆွေးနွေးရာတွင် အဏုဇီဝဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာ စုစုလှိုင်က “ပဋိဇီဝဆေးယဉ်ပါးမှုသည် ကြောက်စရာကောင်းကြောင်း၊ လူကဆေးကို ယဉ်ပါးခြင်းမဟုတ်ဘဲ ပိုးကယဉ်ပါးခြင်းဖြစ်ကြောင်း၊ နေမကောင်းသည့်အခါ ပဋိဇီဝဆေးများအား Course ပြည့်အောင် (အချိန်မှန် ရက်အပြည့်) သောက်ရမည်ကိုမသောက်ခြင်းတို့သည် ဆေးမတိုးခြင်းပြဿနာတိုးလာစေကြောင်း၊ virus ကြောင့်ဖြစ်သည့် တုပ်ကွေးအား Anti-biotic သောက်ရုံဖြင့် မပျောက်ကြောင်း၊ မိမိသဘောနှင့်မိမိ ပဋိဇီဝဆေးများအား အလွယ်တကူမသောက်ကြရန်နှင့် ဆရာဝန်ညွှန်ကြား သည့်အတိုင်း တိတိကျကျသောက်သင့်ကြောင်း” ဗဟုသုတရဖွယ် ရှင်းလင်းပြောကြားပေးခဲ့သည်။

အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်ကမူ“ဆေးယဉ်ပါးခြင်းအတွက် Pre-biotic, Pro-biotic များ စားသုံးပေးရမည် ဖြစ်ကြောင်း၊ ဒိန်ချဉ်၊ ငှက်ပျောသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများစားသင့်ကြောင်း၊ ဟင်းသီးဟင်းရွက်များကို ဆေးရည်များ၊ ရှာလကာရည် (သို့မဟုတ်) ဆားတို့ဖြင့် ဆေးသင့်ကြောင်း၊ အသား၊ ငါးများကို ကျက်အောင်ချက်စားသင့်ကြောင်း” ဖြည့်စွက် အကြံပြုပေးခဲ့ပါသည်။

ထပ်မံ၍ လက်တလောဖြစ်ပွားနေသည့်ရာသီတုပ်ကွေးများနှင့် H1N1 ရောဂါများမှကာကွယ်ခြင်းနှင့် လက်သန့်စင် ခြင်းသည် မည်မျှအရေးပါကြောင်းကို ချစ်သုဝေက “တစ်ကိုယ်ရည်သန့်ရှင်းရေးသည် အရေးကြီးကြောင်း၊ မမြင်နိုင် သောရောဂါပိုးများကို ကာကွယ်နိုင်ရန် တစ်ကိုယ်ရည် (ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်း) သန့်ရှင်းရေးသာဖြစ် ကြောင်း၊ ထိုထဲတွင်မှ လက်သန့်စင်ရေးသည်ပထမဖြစ်ကြောင်း၊ ဆပ်ပြာ၊ တဘက်၊ လက်သည်းညှပ် စသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများ မျှဝေသုံးစွဲခြင်းကို ရှောင်သင့်ကြောင်း၊ အစားစားပြီးတိုင်း၊ မစားခင် လက်ဆေးသင့်ကြောင်း၊ Hand Gel များကို အဆင်ပြေ လွယ်ကူစွာရနေပြီဖြစ်ကြာင်း၊ အစားအသောက် ပြင်ဆင်ချက်ပြုတ် သည့်အခါ လက်သန့်စင်မှုသည်အလွန်အရေးကြီးကြောင်း၊ ကလေးငယ်ရှိသော မိခင်များသည် ကလေးဝေယျာဝစ္စ များလုပ်ကိုင်သည့်အခါနှင့် Diaper မလဲခင်နှင့် လဲပြီးအချိန်များတွင် လက်သန့်စင်သင့်ပါကြောင်း၊ ပန်းလှိုင်ဆေးရုံ တွင် မီးဖွားစဉ်ကလည်း HospiCare ကိုအသုံးပြုခဲ့ကြောင်း၊ ကလေးလာကြည့်သည့်သူများကိုလည်း အားမနာဘဲ Hand Gel အသုံးပြုစေဖို့ပြောရန် လိုကြောင်း၊ လက်ဆေးခြင်းကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ကြောင်း” ပြောကြားခဲ့ပြီး အဏုဇီဝဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်ကလည်း “ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်သုံးသင့်ကြောင်းနှင့် လက်သန့်ရှင်းရေးသည်အရေးကြီးကြောင်း” ဖြည့်စွက်အကြံပြုပေးခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top