လှူဒါန်းပစ္စည်းတွေထဲက ရှားပါးငွေစက္ကူကို မူရင်းတန်ဖိုးထက် အဆ ၁ ထောင် ကျော်ဈေးနဲ့ ရောင်းချနိုင်ခဲ့

17-5-2022-yyl-08.jpg

ပေါလ် ဝိုင်မန်း (Paul Wyman) ဆိုသူက ဆင်းရဲမွဲတေတဲ့သူတွေကို ကူညီပေးနေတဲ့ Oxfam ပရဟိတအဖွဲ့အစည်းမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတာပါ။ သူဟာ ပရဟိတရန်ပုံငွေရှာပေးတဲ့ Brentwood အရောင်းဆိုင်က လှူဒါန်းပစ္စည်းသေတ္တာထဲကနေ ရှားပါးငွေစက္ကူတစ်ရွက်ကို တွေ့ခဲ့ပါတယ်။ပေါလ်က အဲဒီငွေစက္ကူကို ရောင်းချဖို့ လေလံကုမ္ပဏီကို ဆက်သွယ်ခဲ့ပါတယ်။ အဲဒီက ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီငွေစက္ကူဟာ ပေါင် ၃၀,၀၀၀ နဲ့ တန်ဖိုးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ လန်ဒန်မြို့က Spink လေလံကုမ္ပဏီမှာ ဒီငွေစက္ကူကို ရောင်းချတဲ့အခါ ပေါင် ၁၄၀,၀၀၀ နဲ့ ရောင်းထွက်ခဲ့ပါတယ်။ပေါလ်က ငွေစက္ကူ ၁၀၀ တန်ကို ပေါင် ၁၄၀,၀၀၀ နဲ့ ရောင်းထွက်သွားတဲ့အချိန်မှာ မယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။ “ကျွန်တော့်လက်ထဲမှာ အလွန်ရှားပါးတဲ့အရာတစ်ခုခုကို ကိုင်မိနေတယ်ဆိုတာ နားလည်လိုက်တယ်။ ပေါင် ၁၄၀,၀၀၀ နဲ့ ရောင်းထွက်သွားတဲ့အချိန်မှာ မယုံကြည်နိုင်ခဲ့ဘူး”လို့ သူက ပြောပါတယ်။

အမည်မသိအလှူရှင်တစ်ဉီးက ၂၀၂၀ခုနှစ် အောက်တိုဘာမှာ လှူဒါန်းပစ္စည်းတွေနဲ့ ပရဟိတရန်ပုံငွေရှာပေးတဲ့ အရောင်းဆိုင်ဆီ ယူလာပြီး လှူဒါန်းခဲ့တာပါ။ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလက ဒါကို လေလံတင်တဲ့အိမ်မှာ ချင့်တွက်ခဲ့ပါတယ်။ ဧပြီလ ၂၈ ရက်နေ့မှာ ပေါလ်က သူ့ရဲ့နေအိမ်မှာ လေလံပွဲကို အွန်လိုင်းကနေ ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းအပါအဝင် ကမ္ဘာ့တစ်ဝှမ်းက လေလံဆွဲသူတွေက ငွေစက္ကူကို ရယူရာမှာ အောင်မြင်ချင်တဲ့ မျှော်လင့်ချက်နဲ့ လေလံတင်ခဲ့ကြတာပါ။အခုဆိုရင် ရှားပါးငွေစက္ကူရောင်းရငွေ ပေါင် ၁၄၀,၀၀၀ ကို Oxfam အဖွဲ့အစည်းရဲ့ပရဟိတလုပ်ငန်းတွေအတွက် လျာထားပါတယ်။

“ကမ္ဘာ့အဆင်းရဲဆုံးလူတွေကို ကူညီပေးနေတဲ့ Oxfam ရဲ့ပရဟိတလုပ်ငန်းအတွက် ပိုက်ဆံအများကြီးရှာပေးရာမှာ ကျွန်တော်ပါဝင်ခဲ့ရတာ အရမ်းကောင်းပါတယ်”လို့ ပြောပါတယ်။Oxfam ရဲ့လက်လီရောင်းချရေးဒါရိုက်တာ လော်နာ ဖယ်လွန်က ဒီငွေစက္ကူကို တွေ့ခဲ့တဲ့ ပေါလ်နဲ့ Brentwood အရောင်းဆိုင်အဖွဲ့သားတွေအပြင် ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အမည်မသိပုဂ္ဂိုလ်ကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။ ငတ်မွတ်ခြင်းဘေးအန္တရာယ်ကျရောက်နေတဲ့ အရှေ့အာဖရိကကလူတွေနဲ့ ယူကရိန်းနိုင်ငံက ဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးနေတဲ့ Oxfam ရဲ့ပရဟိတလုပ်ငန်းတွေအတွက် ငွေအများကြီးရခဲ့တဲ့အတွက် ဝမ်းမြောက်ခဲ့ပါတယ်။လေလံတင်ခဲ့တဲ့ငွေစက္ကူက ပေါင် ၁၀၀တန် ပါလက်စတိုင်းငွေစက္ကူဖြစ်ပြီး ၁၉၂၇ခုနှစ်က ပါလက်စတိုင်းမှာ ဗြိတိသျှအာဏာပိုင်အဖွဲ့ အုပ်ချုပ်ခဲ့စဉ်က အဆင့်မြင့်အရာရှိတွေကို ထုတ်ပေးခဲ့တာပါ။

Ref: TheMirror “Rare banknote found in charity shop sells for 1,400 times its original value”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top