ရီးရဲလ်ဂိုးသမား ကာဆီးလက်စ် ဘောလုံးလောကမှ အနားယူ

30-7-2020-yyl-014.jpg

ရီးရဲလ်နဲ့ စပိန်ဂိုးသမား ကာဆီးလက်စ်က အသက် (၃၉) နှစ်အရွယ်မှာ ဘောလုံးလောကကနေ အနားယူပြီလို့ ကြေညာလိုက်ပါတယ်။ ကာဆီးလက်စ်ဟာ ရီးရဲလ်အသင်းမှာ (၁၆) နှစ်ကြာ ကစားခဲ့တဲ့ကာလအတွင်း (၇၂၅) ပွဲ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၃)လုံး၊ လာလီဂါဖလား (၅)လုံး ဆွတ်ခူးခဲ့သူပါ။ ကာဆီးလက်စ်ဟာ စပိန်အသင်းအတွက် (၁၆၇)ပွဲ ကစားခဲ့ပြီး စပိန်အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားခွင့်ရသူစာရင်းမှာ အဆင့်(၂)နေရာ ရပ်တည်နေပါတယ်။ သူဟာ စပိန်အသင်းနဲ့အတူ (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား၊ ယူရို(၂၀၀၈)နဲ့ ယူရို(၂၀၁၂) ပြိုင်ပွဲတွေ ဗိုလ်စွဲခဲ့ဖူးပါတယ်။

ကာဆီးလက်စ်ဟာ (၂၀၁၅) ခုနှစ်က ပေါ်တိုအသင်းကို ပြောင်းရွှေ့ကစားခဲ့ပေမဲ့ (၂၀၁၉)ခုနှစ်၊ ဧပြီလက လေ့ကျင့်ရေးကွင်းမှာ နှလုံးဖောက်ပြီးနောက်ပိုင်း ပွဲကစားခဲ့ခြင်းမရှိပါဘူး။ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာတော့ ပေါ်တိုအသင်းရဲ့ နည်းပြအဖွဲ့ဝင်စာရင်းကို သူ့ကို ထည့်သွင်းခဲ့ပါတယ်။ ကာဆီးလက်စ်က ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာလိုက်ချိန်မှာတော့ စပိန်အသင်းအတွက် ပွဲအများဆုံး ကစားထားတဲ့ ရီးရဲလ်နောက်ခံလူ ရာမို့စ်က ကာဆီးလက်စ်နဲ့တွဲရိုက်ထားတဲ့ပုံကို တွစ်တာပေါ်မှာတင်ပြီး ဂုဏ်ပြုနှုတ်ဆက်ခဲ့ပါတယ်။ အသက်(၉)နှစ်သားအရွယ်ကတည်းက ရီးရဲလ်ကို ရောက်လာတဲ့ ကာဆီးလက်စ်ဟာ (၁၁၈)နှစ်ရှိတဲ့ အသင်းသမိုင်းမှာ အကောင်းဆုံးဂိုးသမားဖြစ်တယ်လို့ ရီးရဲလ်အသင်းက ဂုဏ်ပြုခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top