ဒုက္ခသည်ကလေးတွေ စာလေ့လာနိုင်မယ့် မစ်ရှင်တစ်ခုလုပ်ဆောင်နေတဲ့ (၈) နှစ်သမီးလေး

21-9-2021-yyl4.jpg

တက္ကဆက်ပြည်နယ်က မိန်းကလေးငယ်တစ်ဦးကတော့ အထူးမစ်ရှင်တစ်ခုအနေနဲ့ ကမ္ဘာ့တစ်ဝှမ်းက ပညာသင်ယူရမယ့်အရွယ်ကလေးတွေဆီ အသုံးဝင်မယ့်အရာတစ်ခု ပေးပို့တော့မှာဖြစ်ပါတယ်။ အသက် ၈ နှစ်အရွယ်သာရှိသေးတဲ့ အဲဒီကလေးမလေးရဲ့ရည်မှန်းချက်ပန်းတိုင်က ဘဝတွေကို ပြောင်းလဲပေးဖို့ပါပဲ။ အရွယ်နဲ့မမျှအောင် ရည်မှန်းချက်ကြီးမားတဲ့ အဲဒီကလေးမလေးကတော့ ပေ့စလေ အဲလီးယက် (Paisley Elliott) ပါ။ ပေ့စလေက ကမ္ဘာလုံးကို ကိုင်လေ့ရှိပါတယ်။ ကစားဖို့တော့ မဟုတ်ပါဘူး။ နိုင်ငံတွေကို ရှာကြည့်တာပါ။ ပေ့စလေ ခရီးထွက်ချင်တဲ့ နိုင်ငံက ယူဂန်းဒါးနိုင်ငံပါ။ သူက ယူဂန်းဒါနိုင်ငံက ဒုက္ခသည်တွေကို ကူညီပေးချင်နေတာပါ။

ပေ့စလေရဲ့ရည်မှန်းချက်ကြီးမားမှုက အားနည်းတဲ့၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီလို့နေပါတယ်။ ပေ့စလေ အသက် ၄နှစ်အရွယ်တုန်းက ခရစ်ယာန်သမ္မာကျမ်းစာအတန်းမှာ ဒုက္ခသည်တွေအကြောင်း ကြားခဲ့ရတာပါ။ ပေ့စလေက အဲဒီမှာ ဒုက္ခသည်တွေအကြောင်းကြားပြီးကတည်းက သူ့ရဲ့မိခင် တာလီ ဂျုန်း (Tali Jones) ကို ခက်ခဲတဲ့မေးခွန်းတွေ မေးတော့တာပါပဲ။

သူ့မိခင် တာလီက (၄) နှစ်သမီးလေးပေ့စလေနဲ့ အဲဒီအကြောင်း တစ်ခါမှ မဆွေးနွေးဖူးတာကြောင့် ဒုက္ခသည်တွေအများဆုံးရှိတဲ့ နိုင်ငံတွေ၊ ဘေးကင်းလုံခြုံတဲ့နိုင်ငံတွေကို Google မှာ လိုက်ရှာကြည့်ခဲ့ရပါတယ်။ ပေ့စလေရဲ့သိချင်စိတ်က ပိုပြီး ပြင်းထန်လာခဲ့ပြီး ဒုက္ခသည်တွေရှိတဲ့ ယူဂန်းဒါးနိုင်ငံကို ခရီးထွက်ချင်လာခဲ့တာဖြစ်ပါတယ်။

သူနဲ့သက်တူရွယ်တူကလေးတွေ စာကောင်းကောင်းမသင်ယူရသလို စာသင်ယူလေ့လာရဖို့ ခက်ခဲနေတယ်ဆိုတာလည်း ပေ့စလေသိခဲ့ရပါတယ်။ ဒါကြောင့် ပေ့စလေက ဒုက္ခသည်ကလေးတွေ ရောက်တဲ့နေရာမှာ စာလေ့လာသင်ယူလို့ရမယ့် မစ်ရှင်တစ်ခု လုပ်ဆောင်နေခဲ့ပါတယ်။ အဲဒါကတော့ ကိုယ်တိုင်ဖန်တီးလို့ရတဲ့ စာသင်ခုံ (၁၀၀ ရာခိုင်နှုန်း ခံနိုင်စွမ်းရှိတဲ့ သစ်သားနဲ့ပြုလုပ်ထား)တွေကို သူတို့တွေဆီ အရောက်ပေးပို့ပေးဖို့ပါပဲ။

ချိတ်ဆက်ရတဲ့ သစ်သားအစိတ်အပိုင်းလေးတွေက စာသင်ခုံတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ အဲဒီစာသင်ခုံနဲ့အတူ ဒုက္ခသည်စခန်းက ကလေးရာချီအတွက် ပြုလုပ်ထားတဲ့ ခဲတံနဲ့ သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေပါတဲ့ သေတ္တာတစ်ခုလည်း ပါဝင်ပါတယ်။ ပေ့စလေက အတွေ့အကြုံရှိတဲ့အရွယ်ရောက်ပြီးသားသူတွေရဲ့အကူအညီနဲ့ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့၊ ဖြုတ်သိမ်းထားလို့ရတဲ့ စာသင်ခုံတွေကို ဒုက္ခသည်တွေဆီ ပို့ဖို့ စီစဉ်နေပါတယ်။

ပေ့စလေက ဒုက္ခသည်တွေကို သူတို့တွေ မကူညီနိုင်ရင် ဘယ်သူတွေက ကူညီမှာလဲတဲ့။ သူတို့တွေကလည်း သင်နဲ့ သူ့လိုလူတွေပါပဲလို့ ဆိုပါတယ်။ ဒုက္ခသည်တွေဆီ ကိုယ်တိုင်လုပ်လို့ရတဲ့ စာသင်ခုံတွေကို စက်တင်ဘာလကုန်ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: CBSNews “Little girl has big idea to educate the world’s forgotten children”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top