တာလီဘန်တွေ အာဏာသိမ်းချိန် လေဆိပ်မှာ မိဘတွေနဲ့ ကွဲကွာခဲ့တဲ့ လသားကလေး မိသားစုနဲ့ ပြန်ဆုံခွင့်ရ

10-2-2022-yyl5.jpg

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တွေ စွန့်ခွာသွားတော့မယ့်အချိန်မှာ မိဘတွေနဲ့ ကွဲကွာသွားခဲ့တဲ့ လသားအရွယ် ကလေးငယ်ဟာ အခုချိန်မှာတော့ မိဘတွေနဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါပြီ။ ပြီးခဲ့တဲ့သြဂုတ်လက တာလီဘန်တွေ အာဏာသိမ်းလိုက်ချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံသား တော်တော်များများက နိုင်ငံထဲကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ကဘူးလ်မြို့လေဆိပ်မှာ လူထောင်ချီ တိုးဝှေ့နေကြတုန်း လူအုပ်ပိမှာစိုးရိမ်ပြီး ၂ လသားအရွယ် ကလေးငယ် ဆိုဟေးအာမက်ဒီကို ခြံစည်းရိုးတစ်ဖက်မှာရှိတဲ့ အမေရိကန်စစ်သည်ထံ ခဏပေးထားခဲ့တာပါ။ ဒါပေမဲ့ သူ့မိသားစုတွေ လေဆိပ်ထဲ ရောက်ချိန်မှာတော့ ဆိုဟေးကို ရှာမတွေ့တော့ပါဘူး။

အထိတ်တလန့်ဖြစ်သွားတဲ့ မိဘတွေက ဆိုဟေးကို လိုက်ရှာပေမဲ့ ရှာမတွေ့ခဲ့လို့ အမေရိကန်နိုင်ငံထံ ထွက်ခွာမယ့် လေယာဉ်ပေါ် လိုက်ပါခဲ့ကြပါတယ်။ ဆိုဟေးရဲ့အဖေက အမေရိကန်သံရုံးမှာ လုံခြုံရေးအစောင့်အကြပ်အဖြစ် အလုပ်လုပ်ပြီး ကလေး ၅ ယောက် ရှိပါတယ်။ လတော်တော်ကြာတဲ့အထိ ဆိုဟေးရဲ့သတင်းကို မကြားခဲ့ရပါဘူး။အသက် ၂၉ နှစ်အရွယ် တက္ကစီသမား ဆာဖီက လေဆိပ်ထဲမှာ တစ်ယောက်တည်း ငိုနေတဲ့ ဆိုဟေးကို တွေ့သွားလို့ ကလေးမိဘတွေကို လိုက်ရှာခဲ့ပေမဲ့ ရှာမရတာကြောင့် သူ့အိမ်ကို ခေါ်လာပြီး သားအဖြစ် မွေးစားထားတာပါ။ ဆာဖီက ဆိုဟေးကို မိုဟာမက်အဘတ်ကို နာမည်ပေးခဲ့ပြီး သူ့ရဲ့သားသမီးအရင်းတွေနဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံကို ဖေ့ဘွတ်ခ်ပေါ် တင်ခဲ့တာပါ။

ဆာဖီက လေဆိပ်မှာ ကလေးပျောက်သွားလို့ ရှာဖွေနေတဲ့ မိသားစုအကြောင်း ရေးထားတဲ့ ရိုက်တာသတင်းတစ်ပုဒ်ကို ဖတ်ရပေမဲ့ ဆက်သွယ်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာတော့ ဆိုဟေးရဲ့မိဘတွေက ဆာဖီရဲ့နေအိမ်ကို ခြေရာခံနိုင်ခဲ့ပါတယ်။ ဆိုဟေးရှိတဲ့နေရာကို အတည်ပြုနိုင်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ်မှာ နေထိုင်တဲ့ ဆိုဟေးရဲ့အဖေ ရာဇာဝီက ကဘူးလ်အထိ ခရီးဝေးနှင်လာပြီး သူ့မြေးကို ပြန်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဆာဖီက ကလေးကို ပြန်ပေးဖို့ ငြင်းဆန်ခဲ့ပြီး ကလေးကို ပြန်ပေးစေချင်ရင် သူနဲ့ သူ့မိသားစုကို အမေရိကန်နိုင်ငံထံ ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားခဲ့ပါတယ်။

သီတင်းပတ် ၇ ပတ်ကြာ ဆွေးနွေးခဲ့ပြီး ဆာဖီကို အခိုက်အတန့်ကြာ ထိန်းသိမ်းခဲ့ပြီးနောက်မှာတော့ တာလီဘန်လက်အောက်ခံ ရဲတပ်ဖွဲ့က ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့မှာ ဆိုဟေးကို သူ့အဘိုးထံ လွှဲပြောင်းပေးအပ်ခဲ့တာပါ။ အဘိုးလက်ထဲရောက်သွားချိန်မှာ ဆိုဟေးက ငိုနေတာ တွေ့ရပါတယ်။ မြေးအဖိုး ၂ ယောက် ဆုံစည်းခွင့်ရတာကို ရုပ်သံကနေ ကြည့်ရတာ ပျော်မဆုံးနိုင်အောင် ဖြစ်ရတယ်လို့ ဆိုဟေးရဲ့မိဘတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ဆိုဟေးရဲ့မိဘတွေက အမေရိကန်နိုင်ငံ မစ်ချီဂန်ပြည်နယ်မှာ နေထိုင်နေကြပါတယ်။ သိပ်မကြာခင် ဆိုဟေးကို မိဘတွေရှိရာ ပို့ဆောင်နိုင်အောင် စီစဉ်သွားမယ်လို့ ဆိုပါတယ်။

Ref: BBC “Afghanistan: Baby lost in Kabul evacuation is reunited with family”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top